မုံရွာမြို့ ချင်းတွင်းရတနာဈေးအတွင်း စတိုးဆိုင်(၂)ဆိုင်မှ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ ငွေကျပ်လေးသိန်းကျော်ဖိုး သိမ်းဆည်းရမိ

မုံရွာ ၁၆  စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရှိ စတိုးဆိုင်(၂)ဆိုင်မှ တားမြစ် ထားသည့် ငွေကျပ်လေးသိန်းခုနှစ်သောင်းခွဲတန်ဘိုးရှိ မဒီတင်းတိတ်ဝက်ခြံပျောက်ဆေး အလှကုန်ပစ္စည်းများကို သိမ်းဆည်းရမိ ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်၏ ပြောကြားချက်အရ သိရသည်။

 

ချင်းတွင်းရတနာဈေးအတွင်းရှိစတိုးဆိုင်(၂)ဆိုင်သို့ စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)နှင့် မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများဖြင့် ဝင်ရောက်စစ်ဆေးစဉ်  မဒီတင်းတိတ်နှင့်ဝက်ခြံပျောက်ဆေးဘူး ၁၄၀ဝ ကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဈေးကွက်အတွင်းမှာ သုံးစွဲရန်မသင့်ကြောင်းကို နိုင်ငံပိုင်သတင်းစာတွေ မီဒီယာတွေ လူမှုမီဒီယာ တွေကနေ တရားဝင်ကြေညာထားတယ်၊ အဓိကတားမြစ်ထားတဲ့ဟာတွေက မာကျူရီပါတဲ့ ဟာတွေရှိမယ်၊ တားမြစ်ထား တဲ့ဒြပ်ပေါင်းပါတဲ့ပစ္စည်းတွေဖြစ်တယ်၊ အဲဒီလိုတားမြစ်ထားကြောင်း ကြေညာထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချခြင်းရှိ/မရှိကို ရှောင်တခင်စစ်ဆေးတာဖြစ်တယ်၊ တွေ့ရှိရင်လည်း နောက်နောင် မရောင်းချဖို့ဝန်ခံလက်မှတ်ထိုးပြီးတော့ တားမြစ်ထားတဲ့ကုန်ပစ္စည်းတွေကို သိမ်းတာဖြစ်တယ်၊ ဒီနေ့မှာ စတိုးဆိုင်(၂)ဆိုင်ကတားမြစ်ထားတဲ့ ကုန်စ္စည်းတစ်မျိုးကိုစစ်ဆေးတွေ့ရှိလို့ သိမ်းဆည်းခဲ့တာဖြစ်တယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းလင်းအောင်က ““အာဏာပိုင်တွေကို ခေါ်ပြီး သိမ်းဆည်းရတဲ့ အဆင့်အထိ ရောက်သွားတာ အခုအကြိမ်က ပထမဆုံးဖြစ်တယ်၊ ရောင်းချတဲ့သူတွေ၊ ထုတ်လုပ်တဲ့သူတွေကို  အက်ဖ်ဒီအေက (၂၄)နာရီ ဝင်ရောက်စစ်ဆေးပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ရဲ့ ဥပဒေထဲမှာပြဌာန်း ထားပြီးသားဖြစ်တယ်၊ အခုကြတော့ ရှင်းပြတာကို လက်မခံတဲ့အတွက် အဆင်မပြေတာနဲ့ သက်ဆိုင်ရာ အာဏာပိုင်ကိုခေါ်ပြီးတော့ သိမ်းဆည်းရတာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

 

““ လက်ကမ်းစာစောင်မပေးဘဲနဲ့ ဟောပြောပွဲတွေလည်း လာမခေါ်ဘူး၊ ကျွန်မတို့က တားမြစ် ထားတဲ့ ကုန်ပစ္စည်းမှန်း မသိလို့မိတ်ကပ်ပစ္စည်းကိုရောင်းမိတယ်၊ ရောင်းမိတဲ့အခါမှာ အာဏာသုံးပြီးတော့ ပြောတယ်၊ ပေးလိုက်ပါတယ်၊ လုပ်ဆောင်ချက်တွေက နည်းနည်းတော့ မှားယွင်းနေတယ်လို့ ထင်တယ်၊ ဈေးသည်ဆိုတော့နှုတ်က တစ်အားမချိုတတ်တာတော့အမှန်ပဲ၊ ကိုယ်ကလည်းမဟုတ်တာ လုပ်တာ မဟုတ်တော့လေ၊ သူတို့အနေနဲ့ဒီပစ္စည်းတွေကိုမရောင်း ရဘူးဆိုတာကို လက်ကမ်းစာစောင်ပေးထား ရက်နဲ့ ရောင်းရင်ကကျွန်မတို့အပြစ်ပေါ့၊ အခုကြတော့ အဲဒိလိုလည်းမပြောပဲနဲ့ ရှောင်တခင်ဝင်စစ်တာ၊ ကျွန်မ တို့လည်း ဒီမိတ်ကပ်ပစ္စည်းကို မရောင်းရဘူး ဆိုတာမသိတော့ ထားလိုက်မိတယ်၊ သူတို့လာစစ်တဲ့အခါ တွေ့တော့ ဒီပစ္စည်းကို မယူပါနဲ့ နောက်တစ်ခါ မရောင်းတော့ဘူး၊ နောက်တစ်ခါ ရောင်းရင်ပြန်ယူပါ၊ ဘယ်လောက်ပဲဖြစ်ဖြစ်သိမ်းပါ၊ အဲဒိလိုပြောလို့ သူတို့က ရဲခေါ်လာတယ်”” ဟု ချင်းတွင်းရတနာဈေးမှ စတိုးဆိုင် ပိုင်ရှင် ဒေါ်ခင်လေးက ပြောသည်။

 

                                                
ဝင်းဦး(ဇေယျာတိုင်း)