မူဆယ်မြို့၌ စိန်တစ်လုံးသရက်သီး ရောင်းအားကောင်းနေ

မူဆယ် ၂၄ မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် စိန်တစ်လုံးသရက်သီးများ ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားသွပ်နေကြောင်း မူဆယ်မြို့၊ စိန်တစ်လုံးသီးရောင်းနေသည့် ဈေးသည်များထံမှ သိရသည်။

 

“လက်ရှိစိန်တစ်လုံးသရက်သီးကတော့ ရောင်းအားကောင်းနေပါတယ်၊ အိတ်စွပ် ရှယ်သီးဆိုရင် နှစ်သောင်းကိုးထောင်(သို့မဟုတ်)သုံးသောင်း ဈေးအထိပေါက်ပါတယ်၊ ရိုးရိုးသီးဆိုရင်နှစ်သောင်းခွဲ အထိပေါက်ပါတယ်၊ တစ်ရက်ကို ဖာ(၁၀ဝ)အထိ ရောင်းရပါတယ်၊ အရင်နှစ်တွေမှာတော့ တစ်ဖက်နိုင်ငံ၊ တရုတ်နိုင်ငံကို တင်ပို့လို့ရတယ်၊ လက်ရှိမှာတော့ တင်ပို့ဖို့ခက်ခဲနေတဲ့အတွက် မူဆယ်မြို့မှာ ရောင်းရတာဖြစ်ပါတယ်”လို့ မူဆယ်မြို့၊ ဈေးရပ်ကွက်နေကိုတေဇာအောင်က လက်ရှိမူဆယ်မြို့၏ စိန်တစ်လုံးသီး ရောင်းအားသွက်နေသည့် အခြေအနေကို ပြောကြားသည်။

 

မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် စိန်တစ်လုံးသရက်သီး ကုန်တင်ယာဉ်(၁၅၀)ခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ၌ တရုတ်နိုင်ငံဘက်သို့ စိန်တစ်လုံးများ တင်ပို့ရာ၌ အခက်အခဲကြုံတွေ့နေရခြင်းဖြစ်သည်။

 

“စိန်တစ်လုံးသီးဈေးနှုန်းကတော့ မဆိုးဘူးလို့ဆိုရမယ်၊ ဒါပေမယ့် ငွေဈေးလဲလှယ်နှုန်းနည်းနည်း ကျဆင်းတဲ့အတွက် ယခင်နှစ်ဈေးအတိုင်းတော့ မရနိုင်သေးဘူးပေါ့၊ ယခင်နှစ်မှာ စိန်တစ်လုံးသီး (၁)ဖာကို တရုတ်ယွမ်ငွေ(၁၅၀)ကျပ်နဲ့ ရောင်းရတယ်၊ မြန်မာငွေနဲ့ဆိုရင် (၃၀ဝ၀ဝ)ကျော် လောက်ရတယ်၊ လက်ရှိမှာတော့ (၂၆၀ဝ၀)ကျော်ကျော်ပဲရတယ်”လို့ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌဦးစိုင်းနွံ့က ငွေဈေးလဲလှယ်နှုန်း အနည်းငယ်ကျဆင်းကြောင်း ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလ၌ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်လည်း အနည်းငယ် မြင့်တက်နေပြီး ယခင်နှစ်မန္တလေးမှ မူဆယ်မြို့အထိ သယ်ယူပို့ဆောင်ခ တစ်ကျင်းလျှင် (၁၅၀ဝ)ကုန်ကျရာမှ လက်ရှိတွင်(၂၀ဝ၀)ကျော် အထိ သယ်ယူစရိတ်မြင့်တက် နေကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)