မူကြို ကျောင်းသား၊ ကျောင်းသူတွေကို အဆိပ်ခတ်တဲ့ ဆရာမတစ်ဦးကို တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်

၂၉ စက်တင်ဘာ

 

တရုတ်နိုင်ငံက မူလတန်းကြိုကျောင်း တစ်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦးကို အဆိပ်ခတ်တဲ့ ဆရာမတစ်ဦးကို ဟန်းနန်ပြည်နယ် တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့က ဂျာဇူးမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကလေးငယ်တွေဟာ မနက်စာ ဆန်ပြုတ်သောက်အပြီးမှာ မူးဝေအော့ဟန်တဲ့အတွက် ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရကြောင်း သိရပါတယ်။

 

ဝမ်ရန်းဟာ လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးနဲ့ စကားများပြီး လက်စားချေတဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာမ စောင့်ရှောက်ထားတဲ့ ကလေးငယ်တွေစားမယ့် ဆန်ပြုတ်ထဲ ဆိုဒီယမ် နိုက်ထရိုက် (sodium nitrite) တွေ ထည့်ခဲ့တာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုသွားပါတယ်။ အဲဒီကလေးငယ် ၂၅ ဦးထဲမှ ကလေးငယ်တစ်ဦးဟာ ဒီနှစ်ဆန်းပိုင်းမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

ဝမ်ရန်းဟာ ဆိုဒီယမ် နိုက်ထရိုက် (sodium nitrite) တွေဟာ လူတွေကို နာကျင်စေတာကို သိပေမယ့် ဖြစ်လာမယ့်အကျိုးဆက်ကို လျစ်လျူပြီး ကလေးငယ်တွေစားမယ့် ဆန်ပြုတ်မှာ ထည့်ခဲ့တာဖြစ်ပါတယ်။

 

ကလေးငယ်တွေဟာ ဆန်ပြုတ်စားအပြီး ပြို့အန်ခြင်းနဲ့ သတိလစ်ခြင်းတွေပါ ဖြစ်ခဲ့တဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဝမ်ရန်းဟာ ဆိုဒီယမ် နိုက်ထရိုက် (sodium nitrite) ကို အခုချိန် သုံးခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ၂၀၁၇ ခုနှစ်ကလည်း ခင်ပွန်းသည်ရဲ့ လက်ဖက်ရည်ခွက်ထဲမှာ ထည့်ဖူးတဲ့အတွက် ခင်ပွန်းသည်လည်း နေမကောင်းဖြစ်ခဲ့ဖူးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

 

MDN

ကိုးကား- AFP