မြဝတီမြို့နှင့် သထုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် အောင်စိုးမိုး(ခ)အောင်မိုး မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးရန် ကြိုးစားသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းယာဉ်အားရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၃,၇၇၃ ပြားကိုလည်းကောင်း။

 

အလားတူ စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီခန့်က သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်နေ ကောင်းကျော်ခန့်(ခ)ဂတုံး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၃၆ ပြားနှင့် မြန်မာငွေကျပ် ၆၀,၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာနေ မျိုးဇော်ကို ၎င်းနေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား