နားလည်နိုင်စွမ်းနှင့် ခရီးရောက်နိုင်စွမ်း ပိုမိုရရှိအောင် ဖန်တီးပေးရန်လို

၂၀ ဖေဖော်ဝါရီ

လူမှုဘဝဆက်ဆံရေးနယ်ပယ်၌ဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်မှုနယ်ပယ်၌ဖြစ်စေ ထိတွေ့မှုများလျှင် ရင်းနှီးကျွမ်းဝင်မှုဖြစ်လာသည်။ ထိတွေ့မှုများသော်လည်း ရင်းနှီးကျွမ်းဝင်မှုမရှိသေးခြင်းမှာ နားလည်မှုလွဲမှားခြင်း သို့မဟုတ် နားမလည်ခြင်းကြောင့်ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ထိတွေ့မှုများပြီး ကျွမ်းဝင်ရင်းနှီးသည့် ယဉ်ပါးမှုဖြစ်အောင် အားလုံးနားလည်နိုင်သည့် မြန်မာမှုကို ပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အများသုံးဝေါဟာရမှာ မြန်မာဘာသာစကားဖြစ်သည်။ နိုင်ငံတကာတွင် အများသုံးဝေါဟာရမှာ အင်္ဂလိပ်ဘာသာစကားဖြစ်သည်။ မတူကွဲပြားသော ဘာသာစကားနှစ်ခု ရင်းနှီးကျွမ်းဝင်မှုဖြစ်လာစေရန် မြန်မာ နိုင်ငံတွင် အများသုံးဘာသာစကားဖြင့် မြန်မာမှုပြုသင့်သလိုနိုင်ငံတကာတွင် သက်ဆိုင်ရာနိုင်ငံ၏ အများသုံးဘာသာစကားဖြင့် အသုံးပြုမှသာ လုပ်ငန်းအဆင်ပြေမှု၊ အောင်မြင်မှုဖြစ်လာပေမည်။

ယနေ့ကမ္ဘာကြီးသည် နည်းပညာခေတ်ကို ဖြတ်သန်းနေသည်။ နည်းပညာဖြင့် နိုင်ငံများဖွံ့ဖြိုးမှုကို ရှေးရှုဆောင်ရွက်နေပြီး ထိုဖွံ့ဖြိုးမှုစီးကြောင်းတွင် မြန်မာနိုင်ငံလည်း လိုက်ပါစီးဆင်းနေရန်၊ နောက်ကျကျန်ရစ်မနေစေရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏နည်းပညာ နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်စေရန်၊ နောက်ကျမကျန်ရစ်စေရန် စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နည်းပညာနှင့်ပတ်သက်၍ တတ်နိုင်သမျှ မြန်မာမှုပြုသည်ကိုလိုလားကြောင်း အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "အခုအင်္ဂလိပ်ဘာသာစကားနဲ့ အများကနေသုံးနေတယ်ဆိုတာလက်ခံပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲသုံးနေတာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့ ဒါတွေနဲ့ပတ်သက်လို့အဓိပ္ပာယ်ကို နားလည်စေချင်ပါတယ်။ အဓိပ္ပာယ်ကိုနားလည်မှ တကယ်ပဲပါဝင်နိုင်မှာလို့ ကျွန်မဒီလိုပဲယူဆပါတယ်" ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာစနစ်တစ်ခုကိုပြောင်းလဲရာတွင် ရည်မှန်းချက်အတိုင်း ခရီးမရောက်သေးသည်မှာ နိုင်ငံတကာသုံးဘာသာစကားစနစ်ကို နားလည်ကျွမ်းကျင်မှုမရှိသေးသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က " မြန်မာမှုပြုပါ။ ဒါမှ ကျွန်မတို့ ပြည်သူတွေ အားလုံးကနေ တဖြည်းဖြည်း နည်းပညာတွေနဲ့ ယဉ်ပါးလာအောင် ပညာတတ်တွေ၊ ကျွမ်းကျင်သူတွေအတွက်သာမဟုတ်ဘူး။ ပြည်သူအားလုံးအတွက် ဖြစ်တယ်ဆိုတာကို ထင်ရှားစေချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အီလက်ထရွန်နစ်အစိုးရ(e-Government)ကို အကျိုးတရားများစွာကိုရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ အဆိုပါနည်းပညာစနစ်တွင် အစိုးရနှင့်အတူ ပြည်သူပြည်သားအားလုံး အတူတကွ အရှိန်အဟုန်ဖြင့် လိုက်ပါစီးဆင်းကြရမည်ဖြစ်သည်။ e-Government သည် တိုင်းပြည်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စွမ်းဆောင်ပေးနိုင်သည့်အရာဖြစ်သည်။ လိုအပ်နေသည့် နိုင်ငံ၏ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့၊ ဆင်းရဲမှုကိုလျှော့ချနိုင်ဖို့အတွက် ယင်းကိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်။ ကမ္ဘာ့ကုလသမဂ္ဂလအဖွဲ့က e-Government ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအား တိုင်းတာသည့် ဖွံ့ဖြိုးမှုညွှန်းကန်းအဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါအညွှန်းကိန်းကိုကြည့်လျှင် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသည်ဆိုသော်လည်း အာဆီယံဒေသတွင်းနိုင်ငံများ နှင့်နှိုင်းယှဉ်လျှင် ဒေသ၏ပျမ်းမျှအောက်ရောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့နောက်ကျနေသည်မှာ နိုင်ငံတကာသုံးစနစ်တစ်ခုကိုနိုင်ငံသား အားလုံးနားလည်နိုင်စွမ်းနှင့် ခရီးရောက်နိုင်စွမ်းလိုအပ်နေသေးသောကြောင့်ဟု ဆိုနိုင်သည်။ e-Government ဝန်ဆောင်မှုကို အားလုံးတန်းတူအသုံးပြု နိုင်ခွင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသများအတွက် မိုဘိုင်းနှင့် အင်တာနက် ဆက်သွယ်မှုစနစ်တကျသုံးစွဲနိုင်ခွင့်၊ သုံးစွဲနိုင်စွမ်းရှိအောင် အခြေအနေ များဖန်တီးပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ နည်းပညာသုံးစွဲမှုကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းလိုက်နိုင်ရန် ယခုထက် ပိုမိုအရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ကြရာ၌ နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ တစ်နိုင်ငံလုံးလွှမ်းခြုံလာရေးအတွက် နိုင်ငံတကာသုံး e-Government နည်းပညာတွင် အားလုံးယဉ်ပါးလာအောင် တတ်နိုင်သမျှ မြန်မာမှုပြုကြပါဟု တိုက်တွန်းလိုပါကြောင်း။ ။

ကြေးမုံ