နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ပြိုင်ပွဲများကို ပုံမှန်အတိုင်းကျင်းပနိုင်ရန် အာဆီယံဘောလုံးအဖွဲ့ချုပ် မျှော်လင့်နေ

ဧပြီ ၄

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြဂုတ်အထိ ကျင်းပမည့်ပြိုင်ပွဲများကို ရွှေ့ဆိုင်းထားသော်လည်း နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများကို ပုံမှန်အတိုင်း ကျင်းပနိုင်ရန် မျှော်လင့်နေပြီး ပြိုင်ပွဲငါးခု ကျင်းပရန် စီစဉ်ဆောင်ရွက်ထားသည်။


                        
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် စက်တင်ဘာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲအပါအဝင် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲနှင့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတို့ကို ပုံမှန်အတိုင်း ကျင်းပနိုင်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ 

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲ ကိုးခုကျင်းပရန် စီစဉ်ထားသည်။ မေလမှ သြဂုတ်လ အထိ ကျင်းပမည့် အာဆီယံ ယူ-၁၆ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ အမျိုးသားပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲနှင့် အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲတို့ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားပြီး နှစ်ကုန်ပိုင်းမှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။ 

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ် မူတည်ပြီး နှစ်ကုန်ပိုင်းတွင် ပြိုင်ပွဲများပြန်လည်ကျင်းပနိုင်ရန် မျှော်မှန်းထားသည်။ အရှေ့တောင်အာရှ နိုင်ငံအားလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေေသာကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ငါးလအတွင်း ကျင်းပရန်ရှိသည့် ပြိုင်ပွဲအချို့ကို ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

 

နှစ်ကုန်ပိုင်းတွင်ကျင်းပမည့်ပြိုင်ပွဲများအနက် အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲများတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကိုလည်း အခြေအနေ အပေါ်မူတည်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လူငယ်အမျိုးသမီး ပြိုင်ပွဲများအနက် ယူ-၁၅ ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်က ယူ-၁၆ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး မြန်မာအသင်းသည် အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှထွက်ခဲ့ရသည်။ ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင်မူ မြန်မာကလပ် MIU အသင်းသည် တတိယဆုရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်

mdn
၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် တတိယရခဲ့သည့် MIU အသင်း