နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ထပ်မံတိုးမြှင့်ရန် ကမ္ဘောဒီးယားနှင့် လာအို ကတိပြု

၁၀ ဖေဖော်ဝါရီ

ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့သည် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှုအတွက် ၎င်းတို့၏ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုထပ်မံအားကောင်းလာရန် ယမန်နေ့က ကတိပြုခဲ့သည်။

လာအိုသမ္မတ ဘွန်ညံဗိုရာချစ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက်တီချိုဟွန်ဆန် တို့ တွေ့ဆုံဆွေးနွေးစဉ်  ယင်းသို့ ကတိပြုခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ကိုယ်ရေးလက်ထောက် အန်ဆိုဖယ်လ်လတ် က ပြောကြားခဲ့သည်။

 

cc1

 

နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် လုံခြုံရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လုပ်ဆောင်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုနယ်စပ်တစ်လျှောက်ရှိ ဒေသန္တရအာဏာပိုင်များနှင့် စစ်သားများသည် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သောဆက်ဆံရေးများ တည်ဆောက်ရန် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်ဟု ဟွန်ဆန်၏ပြောဆိုချက်ကို ကိုးကားပြီး ဆိုဖယ်လ်လတ်က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ၎င်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အတော်ကလေး နည်းနေသေးကြောင်း ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သော လာအိုခရီးသွားအရေအတွက်သည် ၃၆၃၉၅၁ ရှိခဲ့ပြီး စတုတ္ထ  အများဆုံးခရီးသွား အရင်းအမြစ်ဖြစ်ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းအချက်အလက်များအရ  သိရသည်။

ဘွန်ညံသည်  ယမန်နေ့မနက်ပိုင်းက စတင်ကာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို