နောင်ချိုမြို့နယ်တွင် တစ်ပတ်အတွင်း ကိုဗစ် - ၁၉  ရောဂါပိုးတွေ့ရှိသူ  ၁၀၂  ဦးထိ မြင့်တက်လာ

နောင်ချို   ဇွန်  ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ် -  ၁၉ ရောဂါပိုးကူးစက်သူ တစ်ပတ်အတွင်း ၁၀၂ ဦးထိ မြင့်တက်လာကြောင်း သိရသည်။

ကိုဗစ် - ၁၉  ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ၊ အနံ့မရသူများအား နောင်ချိုမြို့နယ်  ပြည်သူ့ဆေးရုံတွင် Rapid Test ဖြင့် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး  ဇွန် ၂၄ ရက်က လူဦးရေ  ၂၄၃ ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ (၄၇) ဦးထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ(၄၇) ဦးတွင် ၈ လသားအရွယ် ကလေးတစ်ဦး၊ မူကြိုအရွယ် (၂) ဦး၊ တတိယတန်းအရွယ် (၁) ဦး၊ အသက် (၇၀) ကျော် (၁)ဦးတို့ ပါဝင်ခဲ့သည်။

နောင်ချိုမြို့နယ်တွင် ဇွန် ၁၉ ရက်မှ (၂၄) ရက်ထိ (၆)ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူ (၁၀၂)ဦးထိ မြင့်တက်လာပြီး ပိုးတွေ့လူနာများပြားလာသည့်အတွက် နောင်ချိုမြို့နယ်ဆေးရုံနှင့် မြနန်းတော်ဝင်ခန်းမတို့တွင် ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကျန်းမာရေးစိစစ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်၏ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)