နေအိမ်မှ ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် အမျိုးသမီးငယ် သုံးဦးကို မိဘများထံ ပြန်လည်အပ်နှံ

မန္တလေး ၆ ဇန်နဝါရီ

 

ပဲခူးမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် မိဘများမသိအောင် ထွက်ပြေးလာသော အရွယ်မရောက်သေးသည့် (၉)တန်းကျောင်းသူ သုံးဦးကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့မှ ထိန်းသိမ်းထားရှိပြီး ဇန်နဝါရီ ၆ ရက် နံနက် ၉နာရီက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။ 

 

အဆိုပါကျောင်းသူ သုံးဦးသည် ဇန်နဝါရီ ၃ ရက် ညနေပိုင်း ကျောင်းဆင်းချိန်တွင် မန္တလေးမြို့သို့ အလုပ်လုပ်ကိုင်ရန် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ လိုင်းကားဖြင့် လိုက်ပါသွားပြီး ရန်ကုန်မြို့မှတစ်ဆင့် မန္တလေးမြို့သို့ ခရီးသည်တင် မှန်လုံယာဉ်လိုင်းဖြင့် ထပ်မံ စီးနင်းလိုက်ပါလာခဲ့သည်။ ဇန်နဝါရီ  ၅ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က မန္တလေးမြို့၊ ကျွဲဆည်ကန်ကားကြီးကွင်း မှတဆင့် ဈေးချိုသို့ လိုင်းကားဖြင့် လိုက်ပါခဲ့သည်။ 

 

ထို့နောက် နီးစပ်ရာ ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်ပြီး အလုပ်လုပ်ကိုင်ရန် စုံစမ်းနေစဉ် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အဖွဲ့ဝင်က တွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းရာ နေအိမ်မှ ထွက်ပြေးလာသူများ ဖြစ်ကြောင်း သိရှိရ၍ ရပ်ကွက်အုပ်ချုပ်ရုံးတွင် အမျိုးသမီးအဖော်များဖြင့် ထိန်းသိမ်းထားရှိခဲ့ပြီး ယနေ့နံနက် ၉ နာရီ၌ မိဘများထံ ပြန်လည်အပ်နှံခဲ့သည်။ 

 

ထိုသို့အပ်နှံရာ၌ တာဝန်ရှိသူများက အသိသက်သေများရှေ့တွင် လူကုန်ကူးမှုများအကြောင်း အသိပညာပေး၍ ဆုံးမစကားများ ပြောကြားကာ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။ 

 

အောင်စံမောင်