နေပြည်တော် လယ်ဝေးရှိ ရန်အောင်ချမ်းသာ ဘုရားကြီးအား လာရောက်ဖူးမြော်ကြသူ များပြား

နေပြည်တော်  ၉   ဖေဖော်ဝါရီ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်တွင် ထုထည်ကြီးမားစွာဖြင့် တည်ထားကိုးကွယ်လျှက်ရှိသည့် ရန်အောင်ချမ်းသာ ဘုရားကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဘုရားကြီးအား လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာအုပ်စု မြို့ပတ်လမ်း ရန်ကင်းတောင်ခြေအနီးတွင် ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး ဘဒ္ဒန္တ ကုလရက္ခိတ၏ ဉီးဆောင်မှုဖြင့် တပည့်ဒါယိကာ/ဒါယိကာမများ ခုနှစ်ရက်သားသမီးများ စုပေါင်း လှူဒါန်းတည်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဘုရားကြီး တည်ထားရန်မြေ(၄)ဧကအား ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်နှင့် ဇနီးဒေါ်အေးအေးဝင်း မိသားစုမှလှူဒါန်းခဲ့ပြီး သာသနာတော်နှစ် ၂၅၅၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း (၉)ရက်၊ (၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် ) နေ့တွင် ဉာဏ်တော် အတောင်ကိုးဆယ်ပေ (၁၃၅)ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်းပေါင်း (၃၄၀၀၀)ကျော် အကုန်အကျခံ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် သုံးဆယ့်တစ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးကြည်ညိုသဒ္ဓါပွား ပူဇော်နိုင်ရန်အတွက် ရန်အောင်ချမ်းသာဘုရားကြီး၏ အရှေ့ဘက်မုခ်တွင် ရှမ်းလက်ရာမုခ်ဦး၊ ကျားရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၃)ဆူ၊ အနောက်ဘက်တွင် မွန်လက်ရာမုခ်ဦး၊ မနုဿီဟရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၃)ဆူ၊ တောင်ဘက်တွင် ရခိုင်ကိုယ်စားပြု ရခိုင်မုခ်ဦး၊ ဘီလူးရုပ်၊ အရံဘုရားပုထိုးတော် (၂၂)ဆူ၊ မြောက်ဘက်တွင် မြန်မာကိုယ်စားပြု မြန်မာလက်ရာမုခ်၊ ခြင်္သေ့ရုပ် ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၂)ဆူ၊ ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်ရင်းနှီးမှုအား ကိုယ်စားပြု၍ တန်ခိုးကြီးစေတီပုထိုးတို့၏ ဗိသုကာ ပညာရပ်များအား အရပ်လေးမျက်နှာတွင် အရံစေတီ ပုထိုးပေါင်း (၉၀)ဆူတည်ထားပြီး ကြာပလ္လင်ခံ ထိုင်တော်မူဘုရား(၈)ဆူနှင့် မြတ်စွာဘုရား၏ ခြေတော်ရာ တစ်စုံကိုလည်း ဆရာတော်ကြီး၏ လမ်းညွန်ဆုံးမမှုဖြင့် တည်ထားကြောင်းလည်း သိရသည်။

 

ထုထည်ကြီးမား၍ ကြည်ညိုဘွယ်အတိဖြစ်သော ရန်အောင်ချမ်းသာ ဘုရားကြီးအား ရပ်နီးရပ်ဝေးများမှ လာရောက်ဖူးမြော်ကြည်ညိုကြရာတွင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများကိုလည်း တွေ့မြင်ခဲ့ရသည်။

မောင်ယဉ်ဦး (ဒလ)