နေပြည်တော်၊ ပျဉ်းမနားမြို့၌ လုယက်မှုကျူးလွန်ခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇူလိုင် 

 

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့မဈေး အနောက်ဘက်တွင်  နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ထားသော ပုလဲရတနာရွှေဆိုင်၌ ယမန်နေ့ နံနက် ၆ နာရီက  ဆိုင်ခင်းကျင်းရန် တံခါးများအားဖွင့်နေစဉ် အမည်မသိအမျိုးသား(၁)ဦး ရောက်ရှိလာပြီး ဆိုင်ရှင်၏ ပါးစပ်အား လက်ဖြင့်ပိတ်ကာ နားတွင်ဝတ်ဆင်ထားသော နားကပ်(၁)ရန် (တန်ဖိုးငွေ ၂၅၀၀၀၀ ကျပ်)ကို ဆွဲဖြုတ်လုယူသွားသဖြင့် နားရွက်ပြတ်ရှ၊ အပေါ်ရှေ့သွား (၁)ချောင်းကျိုး စသည့်ဒဏ်ရာများရရှိခဲ့၍ ခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်။

 

ဖြစ်စဉ်အား ပျဉ်းမနားမြို့မရဲစခန်း (ပ) ၃၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ထိုနေ့ နံနက် ၆ နာရီခွဲတွင် ကြည်လွင် (ဘ)ဦးလှလွင်၊ အလျင်လိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ်နေသူအား ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက် (၂)လမ်း၌ သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ပြစ်မှုကျူးလွန်သူအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရဲပြန်ကြား