နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူ (၆၉) ဦး၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ တက်ရောက်

လယ်ဝေး ၂၂   နိုဝင်ဘာ 

 

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့ နံနက်(၈)နာရီက လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူ (၆၉) ဦး၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က လယ်ဝေးမြို့နယ်အတွင်းရှိ တောင်သူပေါင်း (၂၃၈၂၅)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)များ ရရှိသည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အခွင့်အရေးများအား ရရှိခံစားရမှာ ဖြစ်ကြောင်း ကျန်ရှိသည့် တောင်သူများကိုလည်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ စိစစ်ပြီး ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်နိုင်ရေးအတွက် ဝိုင်း၀န်းကြိုးပမ်းကြသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အားလုံးကို ကျေးဇူးတင်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပေတုန်းမျှောင် ကျေးရွာအုပ်စုမှ ​တောင်သူ(၂၅)ဦးနှင့် သစ်ဆိမ့်ပင်​​​ကျေးရွာမှ တောင်သူ(၅)ဦးတို့၏ကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ပေးအပ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် (လယ်ဝေးမြို့နယ်တာဝန်ခံ) ဦးအေးမောင်စိန်က ရေအိုးစဉ်ကျေးရွာအုပ်စုမှ တောင်သူ(၄)ဦးနှင့် ကြို့ကုန်းကျေးရွာအုပ်စုမှ တောင်သူ(၉)ဦး၏ကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပေးအပ်ပြီး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးကျော်ဝင်းက အမှတ်(၁)ရပ်ကွက်မှ တောင်သူ(၅)ဦး၊ စည်ပိုင်းကျေးရွာအုပ်စုမှတောင်သူ(၇)ဦးတို့၏ ကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လည်းကောင်း ဒက္ခိဏခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက ဥယျာဉ်စုကျေးရွာအုပ်စုမှ တောင်သူ(၁၄)ဦးတို့၏ ကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား လည်းကောင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ပေးအပ်ခဲ့သည်။

 

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ လယ်ဝေးမြို့နယ်တာဝန်ခံ ဦးအေးမောင်စိန်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိသည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်၊၊

 

မောင်မွှေး