ငွေဆောင်ကမ်းခြေတွင် သတ်မှတ်နေရာတွင် မရောင်းဘဲ စည်းကမ်းမဲ့ရောင်းချနေသော ဈေးဆိုင်များအား အရေးယူ

ငွေဆောင်  ၈ ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေတွင် စည်းကမ်းမဲ့ရောင်းချလျက်ရှိသော ဈေးဆိုင်နှင့် သတ်မှတ် ပေးထားသောနေရာတွင် ရောင်းချခြင်းမပြုဘဲ တားမြစ်ထားသောနေရာတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအား ယမန်နေ့ နံနက်ပိုင်းက အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Sunny Paradise ဟိုတယ်နှင့် June 11 ဟိုတယ်ကြား ကမ်းခြေဆင်းလမ်းတွင် ဈေးရောင်းချခြင်း မပြုရန် အကြိမ်ကြိမ် တားမြစ်ထားသော်လည်း လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ရောင်းချလျက်ရှိသော ဈေးဆိုင်နှင့် သတ်မှတ်ချပေးထား သောနေရာတွင် မရောင်းဘဲ တားမြစ်ထားသောနေရာတွင် ရောင်းချလျက်ရှိသော ဆိုင်ခန်းနှစ်ခန်းအား ၎င်းတို့ရောင်းချနေသော ပစ္စည်းများကို နယ်မြေရဲစခန်းသို့ မှတ်တမ်းဖြင့် သိမ်းဆည်းခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

အဆိုပါ ကျုးကျော်ဆိုင်ခန်းများ ရှင်းလင်းရေးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ စုစုပေါင်း ကော်မတီအဖွဲ့ဝင် အင်အား ၆၂ ဦးဖြင့် ကမ်းခြေတစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

နှင်းဝေဦး (ပြန်/ဆက်)

 

mdn