ငဖဲမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မနောသုခမိုးစပါး မျိုးကောင်းမျိုးသန့် စံပြကွက်ရိတ်သိမ်းပွဲ ကျင်းပ

ငဖဲ ၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် ထောက်ပံ့မှုအရ စိုက်ပျိုးထားသည့် ပေါင်းကလေး-ဇီးတော ကျေးရွာချင်းဆက် လမ်းဘေး အိုးမြေတွင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၀၂၈၊ သပြေပင်ကွင်း ဦးပိုင်အမှတ်-၃၃၈ ရှိ တောင်သူ ဦးအုန်းရွှေ၏ ၀ ဒသမ ၄၀ ဧကရှိသည့် လယ်ကွက်တွင် မနောသုခမိုးစပါး မျိုးကောင်းမျိုးသန့် စံပြကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်စိုက်ပျိုးသည့် မျိုးကောင်းမျိုးသန့် မိုးစပါးအထွက်နှုန်း ကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ လမ်းညွှန်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများအတိုင်း တောင်သူများက လိုက်နာစိုက်ပျိုးမှသာ တစ်ဧက အထွက်နှုန်းဖြစ်သည့် တင်း ၁၂၀ နှုန်းထွက်ရှိမှာ ဖြစ်သည့်အတွက် စနစ်တကျ စိုက်ပျိုးကြရန် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ကျေးလက်နေတောင်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို စိတ်ပါဝင်စားပြီး ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း က မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ရိတ်သိမ်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ တောင်သူ ဦးအုန်းရွှေ၏ မနောသုခ မျိုးစေ့ထုတ် လယ်ကွက်ကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း အစိုထွက် ၁၃၁ ဒသမ ၂၅ တင်း၊ အခြောက်ထွက် ၁၁၈ ဒသမ ၁၃ တင်း ထွက်ရှိ ကြောင်းသိရပြီး ငဖဲမြို့နယ်အနေဖြင့် CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧကရှိကြောင်း သိရသည်။

မယု(ငဖဲ)