ငါးရရှိမှု နည်းပါးခြင်းကြောင့်  ကသာမြို့မှ ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူများ  အခက်အခဲကြုံ

ကသာ  ၅ ဩဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မိသားစုဝင်ငွေရရှိရန်အတွက် ငါးချဉ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုနှစ်တွင် ငါးရရှိမှုနည်းပါးခြင်းကြောင့် ယခင်နှစ်ထက် လုပ်ငန်း အဆင်ပြေမှုမရှိကြောင်း ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

“ယခုနှစ်မှာ ငါးချဉ်တွေကို ငါးရရှိမှုနည်းတယ်။ ပြီးတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လမ်းခရီးအဆင်မပြေတာကြောင့် မရောင်းရတာပါ။ ငါးကိုတော့ ပွဲရုံကနေတစ်ဆင့် ပြန်ဝယ်တယ်။ ငါးအကြီးအသေးပေါ်မူတည်ပြီးတော့ ဈေးပေးဝယ်ရတယ်။ ကုန်ကြမ်းဖြစ်တဲ့ငါးတွေကို ငါးပေါရင် ပေါသလို ငါးရှားရင်ရှားသလို အစားစားပေးဝယ်ရတယ်။ ငါးချဉ်တွေကိုတော့ ကသာမြို့ပေါ်ရှိဈေးနှင့် အင်းတော်မြို့ကိုသာ တင်ပို့ရောင်းချတယ်” ဟု ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်မာအေးက ပြောသည်။

 

ငါးပေါချိန်တွင် ငါးသေးချဉ်တစ်ပိဿာကို ငွေကျပ်(၄၀၀၀)နှင့် (၄၅၀၀)ကြား၊ ငါးကြီးချဉ် တစ်ပိဿာကို ငွေကျပ်(၆၀၀၀)အထိ ရောင်းချရပြီး ငါးရရှိမှုနည်းပါးချိန်တွင် ငါးသေးချဉ်တစ်ပိဿာကို ငွေကျပ်(၅၀၀၀)နှင့် ငါးကြီးချဉ်တစ်ပိဿာကို ပုံမှန်ဈေးဖြစ်သည့် ငွေကျပ်(၆၀၀၀)အထိ ရောင်းချရကြောင်း သိရသည်။

 

သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုလနှင့် တပေါင်းလများတွင် ငါးအထွက်များပြီး ယခုအချိန်မှာသာ ငါးရရှိမှု အခက်ခဲဖြစ်နေကြောင်းနှင့် ကသာမြို့တွင် ငါးချဉ်လုပ်ငန်းကို စီးပွားဖြစ် လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းထက် မိသားစုဝင်ငွေရရှိရန်အတွက် လုပ်ကိုင်သူများက ပိုများကြောင်း သိရသည်။

 

ရဲအောင်(ပြန်/ဆက်)