မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်
================================
သတင်းဆောင်းပါး - မောင်ခင်မင်(ဓနုဖြူ)
၁
ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ပြီး အသက်ကြီးလာသည် အထိ ပေါင်းသင်းဆက်ဆံရသူကို “ငယ်ပေါင်းကြီးဖော်” ဟု ခေါ်ပါသည်။ “မြန်မာ့အသံ” သည် ကျွန်တော်၏ “ငယ်ပေါင်းကြီးဖော်” တစ်ဦးဖြစ်ပါသည်။
၂
“သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်။ ရန်ကုန်မြို့၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသံလွှင့်ဌာနမှ ၃၁. ၄၄ မီတာ၊ ၄၉. ၇၁ မီတာနှင့် လှိုင်းလတ် ၃၁၄ မီတာမှ ယနေ့နံနက် မြန်မာပိုင်းအစီအစဉ်များကို စတင် အသံ လွှင့်နေပါတယ်”
ကျွန်တော် ရန်ကုန်ရောက်သည့် ၁၉၅၀ ပြည့်နှစ်တွင် မနက်အိပ်ရာနိုးစမှာ ရေဒီယိုမှ လွင့်ပျံလာသော ဤ နှုတ်ခွန်းဆက်သံကို မနက်တိုင်းကြားရမြဲဖြစ်ပါသည်။ မနက်တိုင်းကြားရသည့် စကားလုံးများကို အတိအကျ မှတ်မိနေသည်။ အသံရှင်၏ ကြည်လင်အေးမြသော အသံ ကို နားထဲမှာစွဲပြီး သဘောကျနှစ်သက်နေသည်။ နောက်တော့ အသုံးအနှုန်းပြောင်းသွားသည်။ “ရန်ကုန်မြို့ မြန်မာနိုင်ငံတော် အသံလွှင့်ဌာနမှ”ဟု မပြောတော့ဘဲ “မြန်မာ့အသံမှ” ဟု ပြောင်းပြောသည်ကို ကြားရပါသည်။ “ မြန်မာ့အသံ” ဟူသော အသုံးအနှုန်းသည် ထိုအချိန်က စ၍ သန္ဓေတည်မွေးဖွားခဲ့သည်ဟု ထင်ပါသည်။
ထိုကာလက ထွက်သော “ရေဒီယိုချိုတေးသံ” တေးဗိမာန် စသည့်ဂီတစာစောင်များကို ဖတ်ရသောအခါ မြန်မာ့အသံမှ အစီအစဉ်ကြေညာသော အသံရှင်မှာ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင်ဖြစ်ကြောင်း သိရသည့် အတွက် ပို၍စိတ်ဝင်စားသွားပါသည်။ သောတရှင် တစ်ယောက်အနေဖြင့် မြန်မာ့အသံနှင့် စတင်သိကျွမ်းရ ခြင်းပါ။
ထိုအချိန်က ကျွန်တော့်အသက်မှာ ဆယ်နှစ်အရွယ် မျှသာရှိပါသေးသည်။ ကျွန်တော်က သီချင်းနားထောင် ရတာ ဝါသနာပါသည်။ သီချင်းကြိုက်သည် ကျွန်တော်တို့ အိမ်မှာတော့ ရေဒီယိုမရှိသေးပါ။ သို့သော် ကိစ္စမရှိပါ။ အိမ်ရှေ့၊ ဘေးကအိမ်များတွင် ရေဒီယိုရှိသည့်အတွက် မနက်မိုးလင်းသည်နှင့် ရေဒီယိုသံများကို ကြားနေရပါ သည်။ ကျွန်တော်တို့လမ်းထဲက ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ကိုတင်ရှိန်မှာ ကျွန်တော်နှင့်ခင်မင်သည့်အတွက် သူ့ဆိုင် တွင် အေးအေးဆေးဆေး ရေဒီယိုနားထောင်နိုင်သည်။ အားချိန်တွင် ဆံပင်ညှပ်ဆိုင်သို့သွားပြီး သတင်းစာတို့၊ ကာတွန်းစာအုပ်တို့ဖတ်ရင်း ရေဒီယိုနားထောင်ရသည်။ ညစာ စားပြီးသည်နှင့် ဆံပင်ညှပ်ဆိုင်သို့ပြေးပြီး ကုလား ထိုင်တစ်လုံးကို အပိုင်စားယူကာ ရေဒီယိုအစီအစဉ် အားလုံးကို အေးအေးဆေးဆေး နားထောင်သည်။ အထူး သဖြင့်တော့ သီချင်းတွေကို ပိုပြီးအာရုံစိုက်မိသည်။ “မြန်မာစံတော်ချိန် ည ၉ နာရီရှိပါပြီ။ မြန်မာပိုင်းအစီအစဉ် များကို ရပ်နားပြီး အင်္ဂလိပ်ပိုင်းအစီအစဉ်များကို ဆက်လက်အသံလွှင့်ပါတော့မယ်၊ သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေရှင်” ဟူသော ကြေညာသံကို ကြားတော့မှ ထပြန်မြဲဖြစ်ပါ သည်။
၃
ထိုစဉ်က တူရိယာအဖွဲ့များ မြန်မာ့အသံမှ အသံလွှင့် ဖျော်ဖြေသည့်အစီအစဉ် နေ့တိုင်းလိုလို ပုံမှန်ရှိသည့်အတွက် သီချင်းသစ်များကို အမြဲနားထောင်ရသည်မှာ ပျော်စရာ ကောင်းပါသည်။ ည ၈ နာရီသတင်းမကြေညာမီ အပျော်တမ်း တူရိယာအဖွဲ့များက ထုတ်လွှင့်ရသည်။ သတင်းကြေညာပြီး ချိန်တွင် ထုတ်လွှင့်သော တူရိယာအဖွဲ့များကတော့ နာမည် ထင်ရှားပြီးသား “အဖွဲ့ကြီး” များဖြစ်သည်။ သီချင်းသစ်များ နားထောင်ရင်း တူရိယာအဖွဲ့နာမည်များ၊ ဂီတစာဆိုအမည် များ၊ တေးသံရှင်နာမည်များအားလုံး မှတ်မိသွားသည်။ စိတ်ထဲတွင် ရင်းနှီးမှုများသည့် သီချင်းများကိုလည်း လိုက်ဆို ရင်း အလွတ်ရသွားသည်။ ယခု ပြန်စဉ်းစားကြည့်တော့ နာမည်တော်တော်များများ သတိရလာသည်။ ချိုတေးရှင် တူရိယာအဖွဲ့ဆိုလျှင် ကိုခင်လတ်၊ ကိုခင်လေး၊ ကိုခင်ထွေး၊ ကိုခင်မောင်မောင်၊ စန္ဒရားကိုချစ်ဆွေ၊ မတင်တင်၊ သဇင်ကြူ တို့ ပါသည်။ ကိုချစ်ဆွေ၏ “အပြုံးနိဒါန်းဆင့်”၊ မတင်တင်၏ “ဆွမ်းအုပ်နီနီ” တို့ကို မမေ့သေးပါ။ ချိုတေးဆက်အဖွဲ့တွင်မူ ကိုအောင်ကိုး ရေးဖွဲ့သောသီချင်းများကို ကိုမင်းနောင်နှင့် ရီလေးတို့က သီဆိုသည်။ သီရိထံတျာအဖွဲ့မှာ စန္ဒရား ကိုလှထွတ်က ဂီတစာဆိုပါ။ သီချင်းများကို ကိုစိန်ဝင်း၊ ကိုတင်ထွတ်၊ ပျဉ်းမနားကိုမြင့်၊ ကြည်ကြည်ဝင်းတို့က သီဆို သည်။
ခေတ်ဆန်းအရှေ့ပိုင်း တူရိယာအဖွဲ့က တင်တင်မြ၏ “ပေဖူးလွှာ” တို့၊ “အိုဘယ့်တံချူရှင်” တို့ခေတ်စားနေသည်။ ဂီတနက်သန်အဖွဲ့က ကိုစောညိန်း၏ “ သစ္စာ၊ ပွင့်ဦး၊ စံပယ်၊ မိုးသက်လေနှင်၊ မြနဒီ” စသည့် လွမ်းမောဖွယ်သီချင်းများကို မောင်မောင်ညွန့်၏ အသံဖြင့်ကြားရမြဲ။ ဂီတနက်သန် ကိုအုန်းလွင်ရေးသော “ချစ်နှင်းမှုန်မှုန်” လည်း ကောင်းသည်။ နောက်အဖွဲ့နာမည်ကတော့ မေ့နေ၏။ ဆရာ ရွှေပြည်အေး ရေးဖွဲ့သော “မုန့်ဆီကြော်၊ ရွှေအိုးစည်၊ အောင်ထူ၊ ဟဲ့ကြောင်၊ ဆွမ်းတော်ဗျို့ ” စသည့်သီချင်းများကို အဆိုတော် မြကေသီက ကလေးသံ မပျောက်တပျောက် ကလေးနှင့် သီဆိုသည်ကို ကြားရသည်မှာ ပျော်စရာကောင်း ပါသည်။
ထိုသီချင်းများကို မြန်မာ့အသံ၏ အစီအစဉ်အမျိုးမျိုး တွင် အကြိမ်ကြိမ်ပြန်နားထောင်ရသော်လည်း နားထောင် ၍မဝပါ။ “သောတရှင်လိုရာ” တို့၊ “မင်္ဂလာလက်ဆောင်”တို့၊ “မွေးနေ့လက်ဆောင်” တို့လာလျှင် သီချင်းတောင်းသူ နာမည်တွေကြေညာပေးသည်ကို အရှည်ကြီး သည်းခံ နားထောင်ပြီးမှ သီချင်းကိုကြားရသည်မှာ အရသာတစ်မျိုး ဖြစ်သည်။ “သူ့အလှည့်” ဓာတ်ပြားခန်းတွင် တေးသံရှင် တစ်ယောက်၏ သီချင်းများကို တဝကြီးနားထောင်ရသည်။ စုံတွဲသီချင်းများ၊ သံပြိုင်သီချင်းများကိုလည်း သီးသန့်ကြားရ သည်။ “ခေတ်ဟောင်းသီချင်းတို့၊ အနှစ်နှစ်ဆယ် သီချင်းတို့ လည်း ရှိသေးသည်။ “သူ့လက်ရာ” အခန်းက တေးရေးသူကို မြန်မာ့အသံက အင်တာဗျူးလုပ်ပြီး သီချင်း၏နောက်ခံ အကြောင်းများကို အမေး၊ အဖြေ လုပ်သည်။ “အတိတ်၏ အရိပ်”တို့၊ “တေး၏ကြေးမုံ” တို့ကလည်း ထိုအစီအစဉ်မျိုး ဖြစ်သည်။ ဘယ်သီချင်းကို ဘယ်လိုရေးသည်။ ဘာကြောင့် ရေးသည်ဆိုသည်ကို ပြောပြီးမှ သီချင်းဖွင့်ပြသဖြင့် ပို၍ စိတ်ဝင်စားဖို့ ကောင်းသွားသည်။ ရုပ်ရှင်ဇာတ်ဝင်တေးများ ကို နားထောင်ရတော့ ကြည့်ခဲ့သော ရုပ်ရှင်ကို ပြန်သတိရ သည်။ သီချင်းကြီးအဖွဲ့များ လွှင့်တော့လည်း နားမထောင် ဘဲ မနေပါ။ မြန်မာဂီတ၏ ခမ်းနားထည်ဝါမှုကို ခံစားလိုက်ရ သည်။ ဦးဘညွန့် သီဆိုသော “ဟေဝန်စုံမြိုင်၊ ကိန္နရာ ချောင်းခြား ပတ်ပျိုးကြီး”တို့၊ ဒေါ်ခင်မြင့်သီဆိုသော “တေဘုမ္မာ ဓမ္မဂီတမှော်ပြန် ယိုးဒယား” တို့ကို နားထောင်ပြီး ထူးခြား သော အရသာများကို ခံစားရသည်။
၄
ရေဒီယိုသီချင်းများကို စွဲစွဲမက်မက်နားထောင်ခဲ့သည့် အကျိုးကတော့ သီချင်းအကြောင်း စာအုပ် နှစ်အုပ် ရေးဖြစ် ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၌ နှစ်နှစ် တာဝန်ထမ်းဆောင်ရစဉ် နှစ်ပေါင်း များစွာ စွဲစွဲမြဲမြဲနားထောင်ခဲ့သော သီချင်းများကို ပြန် သတိရရင်း အမိနိုင်ငံကို လွမ်းဆွတ်လာသည်။ ပါးစပ်က ပြန်ဆိုကြည့်ရင်း သီချင်းများအကြောင်းရေးလျှင် ကောင်း မည်ဟု အတွေးပေါ်လာသည့်အတွက် တစ်အုပ်လောက် စကာ ကိုမြကြီး၏ “ဂီတဗိမာန်”သီချင်းကို စပြီးကြားခဲ့ရပုံ အစချီကာ “ဂီတဗိမာန်မှသည်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေး၍ “ရုပ်ရှင်တေးကဗျာ” မဂ္ဂဇင်းသို့ ပို့လိုက်သည်။ မဂ္ဂဇင်းမှာ ဆောင်းပါးပါလာသည့်အတွက် သီချင်းများအကြောင်း ဆက်ရေးဖြစ်သည်။ တာဝန်ပြီး ဆုံး၍ မြန်မာနိုင်ငံပြန်ရောက်လာကာ ရုပ်ရှင်တေးကဗျာ အယ်ဒီတာများက ဆက်ရေးဖို့ တိုက်တွန်းသဖြင့် ဆက်ရေးခဲ့သည်။ အပုဒ်(၇၀)ကျော် ရေးဖြစ်သွားသည်။ ထိုဆောင်းပါးများကို “သီချင်းနားထောင်သူ တစ်ယောက် ၏ ရင်ထဲက သီချင်းများအကြောင်း” ခေါင်းစဉ်ဖြင့် ၂၀၁၄ ခုနှစ်တွင် ပုဂံစာအုပ်တိုက်က တစ်အုပ်၊ “ရေဒီယိုနားက တစ်ဖဝါးမခွာသူတစ်ယောက်၏ ရင်ထဲက သီချင်းများ အကြောင်း” ခေါင်းစဉ်ဖြင့် ၂၀၁၆ ခုနှစ်တွင် ဆန်းသော်တာ စာအုပ်ထုတ်ဝေရေးက တစ်အုပ်ထုတ်ခဲ့ပါသည်။ ထို စာအုပ် နှစ်အုပ်ကို အကြောင်းပြု၍ အဆိုတော် ဦးမောင် မောင်ကြီး၊ ဦးခင်မောင်လွင် စသည့် ပုဂ္ဂိုလ်များနှင့် သိကျွမ်းခဲ့ရသည်။ သူတို့၏ သီချင်းများအပါအဝင် သီချင်း များအကြောင်းကို သောတရှင်တစ်ယောက်၏ အတွေ့ အကြုံအဖြစ် ကျွန်တော် အမြတ်တနိုးရေးခဲ့သည့်အတွက် သူတို့က ဝမ်းသာကြသည်။ ကျွန်တော့်ကို ကျေးဇူးတင် ကြောင်း ပြောကြသည်။ ကျွန်တော်ရေးရကျိုးနပ်သည်ဟု တွေးမိပါသည်။
၅
မြန်မာ့အသံတွင် အမှုထမ်းသွားသော ပုဂ္ဂိုလ် ၃ ယောက်ကို ကျွန်တော်ငယ်စဉ်ကပင် သိကျွမ်းခင်မင်ခဲ့ရ သည့်အကြောင်းကိုလည်း သတိရနေမိပါသည်။
တစ်ယောက်က ကျွန်တော့်ဆရာ ဦးငြိမ်းမောင် ဖြစ်သည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝတွင် ဆရာနှင့် စတင်ဆုံစည်းရသည်။ ဆရာက အင်္ဂလိပ်စာသင် သည်။ ထိုမျှမက ကျောင်းသားများကို ဘက်စုံလေ့ကျင့် သင်ကြားပေးသည်။ နေ့လယ် ကစားချိန်တွင် ယောက်ျား လေးများကို ခါးတောင်းကျိုက်ခိုင်းပြီး ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ပေးသည်က အစ၊ ဘောလုံးအသင်းအဖွဲ့ များ ဖွဲ့ပေးပြီး ပြိုင်ခိုင်းသည်အထိ လေ့ကျင့်ပေးသည်။ စကားရည်လုပွဲ အသင်းများဖွဲ့ပေးပြီး ယှဉ်ပြိုင်ခိုင်းသည်။ ပြောပုံ ဆိုပုံများကို သင်ကြားပေးသည်။ ကျောင်းမှာ ကပွဲလုပ်လျှင် ဆရာကဇာတ်ဆရာလုပ်ပြီး အစီအစဉ် အမျိုးမျိုး တင်ဆက်သည်။ သီချင်းရေးစပ်ပြီး ကျောင်းသူ များကို အကတိုက်ပေးသည်။
ကိုယ်တိုင် ဂီတာတီးပြီး သီချင်းဆိုပေးသည်။ ကျောင်းသား များကို ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများရေးခိုင်းပြီး ဆရာက ရွေးချယ်တည်းဖြတ် စာကူးစက်ဖြင့် စာစောင်ထုတ်ပေး သည်။ ဆရာက မြန်မာ့အသံနှင့် အဆက်အသွယ်ရှိသည်။ အသံလွှင့်ဇာတ်လမ်းများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပုံကို ပြောပြတတ်သည်။ မကြာမီ ဆရာ မြန်မာ့အသံသို့ ပြောင်းရွှေ့ အမှုထမ်းသည်။ ဂီတစာဆို “သု” ဟူသော နာမည်ဖြင့် သီချင်းများရေးသည်။ တက္ကသိုလ်သိန်းစိုး သီဆိုခဲ့သော “ကျွန်တော် ချမ်းသာ” “ပြုံးပဒေသာ” စသည့် သီချင်းများ ဖြစ်သည်။ သက်ပြည့်အငြိမ်းစားယူပြီးနောက် သူကွယ်လွန်သွားရှာပါပြီ။
နောက်တစ်ယောက်က ကိုဝင်းကြည်ဖြစ်သည်။ ကျွန်တော့်ထက် အသက်တော်တော်ကြီးသည်။ အသား ဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် ချောမောသူဖြစ် သည်။ ငယ်စဉ်ကတည်းက ပါးစပ်နှင့်သီချင်းမပြတ်အောင် သီဆိုနေတတ်သည်။ “မြန်မာ့အသံ ကိုသစ္စာ”အဖြစ် ထင်ရှား လာသည်။ သူ့သီချင်းများတွင် အောင်မြင်ထင်ရှားသည့် “မေတ္တာသန့်စင်” တို့၊ “အပြစ်မဲ့သူပါမေ” တို့၊ “ပြန်လည် ပြောပြချင်တယ်” တို့ ရေဒီယိုလေလှိုင်းထဲတွင် မကြာခဏ လွင့်ပျံလာသည်။ ဇာတ်လမ်းပမာတို့၊ အသံလွှင့်ဇာတ်လမ်း တို့မှာလည်း ပါဝင်သရုပ်ဆောင်သည်။ ရုပ်မြင်သံကြား ခေတ်အထိ အမှုထမ်းသွားသည်။ ယခု ကွယ်လွန်ရှာပါပြီ။
နောက်တစ်ယောက်က အစ်ကိုကျော်မင်းဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း၏ အစ်ကိုတော်ပြီး “ကဗျာဆရာ ဝင်းနိုင်” ဟု ထင်ရှားသည်။ ကျွန်တော်တို့ ငယ်စဉ်က စာပေအဖွဲ့များဖွဲ့ကြရာ အစ်ကိုကျော်မင်းလာပြီး စာပေ ရေးရာများနှင့်ပတ်သက်၍ လမ်းညွှန်ပေးကာ စာပေ အတွေ့အကြုံများကို ပြောပြသည်။ ဆောက်လုပ်ရေးရုံး၌ အမှုထမ်းနေရာမှ မြန်မာ့အသံသို့ပြောင်းရွှေ့ပြီး “မြန်မာ့ အသံကျော်မင်း” အဖြစ် ဝင်လာသည်။ ဇာတ်လမ်းများ၊ သီချင်းများရေးသည်။ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ဆောင်ရွက်ပြီး အငြိမ်းစားယူသည်။ မိသားစု နှင့်အတူ ပြည်ပသို့သွားကြောင်း သတင်းကြားရသည်။ လွန်ခဲ့သော လေး၊ ငါးနှစ်က ကျွန်တော့်ဆီရောက်လာပြီး သူ့စာမူများကို စာအုပ်ထုတ်ရန်ကိစ္စ တိုင်ပင်သေးသည်။
နောက်မကြာမီ ကွယ်လွန်သွားရှာသည်။
၆
၁၉၈၀ နောက်ပိုင်းတွင်မူ မြန်မာ့အသံသို့ လူကိုယ်တိုင် ရောက်စရာ အကြောင်းများပေါ်လာသည်။ ပထမဆုံး အတွေ့အကြုံမှာ ပါမောက္ခဆရာက တာဝန်ပေးသည့် အတွက် သတ္တမတန်း မြန်မာစာအသံလွှင့် သင်ခန်းစာတစ်ခု ကို အသံသွင်းရန် ရောက်ခဲ့ခြင်းဖြစ်သည်။ အမေး အဖြေပုံစံ ဆွေးနွေးခန်းပြုစုပြီး ပညာရေးသုတေသနအဖွဲ့မှ လူငယ် ကလေးများနှင့် ဆွေးနွေးပြောဆိုသည်ကို အသံသွင်းရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ဟောပြောပို့ချသည့် အစီအစဉ် များတွင်လည်း ပါဝင်ရသည့်အတွက် အသံသွင်းဖို့ မကြာ ခဏသွားရသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပေါင်းပြီး MRTV ဖြစ်လာပြီးသည့်နောက်တွင်လည်း တက္ကသိုလ် ဝင်တန်း မြန်မာစာ စာစစ်မှူးချုပ်အဖြစ် ပင်ရင်းမြန်မာစာ၊ စိတ်ကြိုက်မြန်မာစာ သင်ခန်းစာများ ဟောပြောပို့ချရသည်။ ဟောပြောပွဲဖိတ်သည့်အတွက် မြန်မာစာအရေးအသား မြန်မာစကား အပြောအဆိုတို့နှင့်ပတ်သက်၍ ဟောပြော ပေးရသည်။ ‘ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ’ ခေတ်တွင် အခြားပါမောက္ခများနှင့်အတူ အကဲဖြတ်ဒိုင်လူကြီးအဖြစ် စတူဒီယိုခန်းမထဲသို့ မကြာခဏရောက်ရသည်။ အဆိုအက အရေးအတီး ပြိုင်ပွဲဇာတ်တော်ကြီး အကဲဖြတ်အဖြစ် ပါဝင် ဆွေးနွေးရသည့်ပွဲများလည်းရှိသည်။ ဒေါက်တာခင်မောင်ညို ၏ Reader's Channel ဆွေးနွေးခန်းတွင် ဆွေးနွေးဖို့လည်း မြန်မာ့အသံအဆောက်အအုံသို့ အကြိမ်ကြိမ်ရောက်ခဲ့ ဖူးပါပြီ။
‘ရုပ်မြင်သံကြား’ ကိစ္စမပါဘဲ၊ “မြန်မာ့အသံ” ကိစ္စ သက်သက်ကို ဆောင်ရွက်ရခြင်းလည်း ရှိပါသည်။ ညွှန်ကြား ရေးမှူး (အသံလွှင့်) ဦးကိုကိုထွေး၏ တိုက်တွန်းချက်အရ မြန်မာစကား မြန်မာစာအကြောင်းကို “သိမှတ်ဖွယ်ရာ မြန်မာစကား မြန်မာစာ” ခေါင်းစဉ်ဖြင့် မြန်မာ့အသံမှ အပတ်စဉ် အသံလွှင့်ဟောပြောခြင်းဖြစ်ပြီး ဟောပြောချိန် ၁၂ မိနစ်ခန့်အတွင်း ပေါ့ပေါ့ပါးပါး ဟောပြောရခြင်းဖြစ် သည်။ ဟောပြောချက်ကို “သောတရှင်များ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ” ဟု အစချီပြီး “သောတရှင်များ မြန်မာစာပေထဲက ကောင်းကွက်များကို နှစ်သက် မွေ့လျော်နိုင်ကြပါစေ” ဟု အဆုံးသတ်သည်။ ဟောပြော ချက်များကို ပုံမှန်အသံလွှင့်ခဲ့သည်မှာ မြန်မာ့အသံ နေပြည်တော်သို့ ပြောင်းရွှေ့သွားချိန်အထိ ဖြစ်သည်။ ဟောပြောချက်ပေါင်း ၄၀ ကျော် အသံလွှင့်ဖြစ်ခဲ့ပါသည်။ ထိုဟောပြောချက်များကို စုပေါင်းပြီး လေလှိုင်းထဲက မြန်မာစကား၊ မြန်မာစာအမည်ဖြင့် ၂၀၀၆ ခုနှစ်တွင် ဝတ်ရည်နှင်း စာအုပ်တိုက်က စာအုပ်ထုတ်ဝေခဲ့သည်။
ကျွန်တော် မြန်မာ့အသံနှင့် လက်ရှိဆောင်ရွက် နေသော အစီအစဉ်မှာ မြန်မာ့အလင်းသတင်းစာတွင် ကျွန်တော် အပတ်စဉ်ရေးနေသော မြန်မာစာစကားဝိုင်း ဆောင်းပါးများကို မြန်မာ့အသံက “မြန်မာစကား မြန်မာစာ” အခန်းဖွင့်ပြီး ဒေါ်ယဉ်ယဉ်ရွှေနှင့် ဒေါ်ခင်သက်ဆွေတို့က အပတ်စဉ် အမေးအဖြေပုံစံဖြင့် အသံလွှင့် ဆွေးနွေးကြခြင်းဖြစ်ပါသည်။ သူတို့၏ အကြံ ပေးချက်အရ လစဉ်နောက်ဆုံးအပတ်တွင် ကျွန်တော် ကိုယ်တိုင်ပါဝင်ပြီး ဒေါ်ခင်သက်ဆွေနှင့် မေးဖြေဆွေးနွေး သည့် အစီအစဉ်ကို ဆောင်ရွက်နေပါသည်။ ပေါ့ပေါ့ပါးပါး ပြောဆိုဆွေးနွေးသည့် အစီအစဉ်ဖြစ်ပါသည်။
၇
ယခုကျွန်တော် အသက် ၈၀ ကျော်ချိန်တွင် ငယ်စဉ်ကတည်းက မက်မက်မောမော ရေဒီယိုသီချင်း နားထောင်သည့် အစီအစဉ်ကို ဆက်လက်အကောင် အထည်ဖော်လျက်ရှိပါသည်။
မြန်မာ့အသံက ညစဉ် ၉ နာရီခွဲတွင် ထုတ်လွှင့်ပေး သော “ခံစားနားဆင် မြန်မာတေးသံယဉ်” အစီအစဉ်မှာ ကျွန်တော်စွဲမက်ခဲ့သော မြန်မာသံသီချင်းများထုတ်လွှင့် သည့်အတွက် ညစဉ်နားထောင်ဖြစ်ပါသည်။ လုပ်စရာများ အားလုံးလုပ်ပြီး၍ အိပ်ရာဝင်ခါနီး အေးအေးဆေးဆေး အနား ယူစဉ် နားဝင်ချိုသော သီချင်းကလေးများကိုတစိမ့်စိမ့် နားဆင်ရသည်မှာ ကြည်နူးစရာကောင်းလှပါသည်။
“ကိုဗစ်ကာလ” မှာတော့ နိဂုံးချုပ် အစီအစဉ်တစ်ခု ကိုပါ မပျက်မကွက် နာကြားဖြစ်သည်။ မင်းကွန်းဆရာ တော်ဘုရားကြီးနှင့် တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီးတို့၏ ရတနသုတ် ပရိတ်တရားတော်ကို အလှည့်ကျ ထုတ်လွှင့်ပေးသော အစီအစဉ်ဖြစ်သည်၊ ရတနသုတ်တော်ကို ဆရာတော်ကြီးများ ရွတ်ဆိုပြီးချိန် မှာ သာဓု သုံးကြိမ်ခေါ်ပြီး . . . ။