နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ ဒေသအကျိုး ဘက်စုံထောင့်စုံ ဆောင်ရွက်ကြမည့် တတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ၏ ရည်မှန်းချက်များ

၂၅  ဇန်နဝါရီ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပမည့်တတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးများတက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်မဲဆန္ဒနယ်အသီးသီးမှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ ယခုအခါ ရောက်ရှိနေကြပြီ ဖြစ်သည်။

တတိယအကြိမ် လွှတ်တော်အတွက် ယခင် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည် ပါဝင်လာသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် အသစ်များလည်း ထပ်မံပါရှိလာကြသည်။ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုး၊ ဒေသအကျိုးအတွက် ဘက်စုံထောင့်စုံမှ ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အနာဂတ်ကာလ၌ ပြည်သူ့အတွက်ဆောင်ရွက်မည့် ၎င်းတို့၏ ရည်မှန်းချက်များအား တွေ့ဆုံမေးမြန်းဖော်ပြလိုက်ရပါသည်။

ဦးခင်ချို (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လှိုင်းဘွဲမြို့နယ်)

ပြီးခဲ့တဲ့ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းငါးနှစ်အတွင်းမှာ ကျွန်တော့် အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။

မေးခွန်းတွေဆိုရင်လည်း တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးခဲ့တယ်။

ဒေသနဲ့ပတ်သက်တာတွေကတော့ ကြယ်ပွင့် မပြဘဲမေးခဲ့တယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ကြယ်ပွင့်ပြမေးခွန်း ၅၀ နဲ့ ကြယ်ပွင့်မပြ မေးခွန်း ၁၀၀ ကျော် မေးခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်မှာတော့ ဘတ်ဂျက်နဲ့ ပတ်သက်တာတွေ၊ ချေးငွေ နဲ့ ပတ်သက်တာတွေကို ဆွေးနွေးတာ အကြိမ်ရေ ၄၀၀ ကျော်လောက် ရှိပါတယ်။

ဒီလိုပါပဲလာမယ့်ငါးနှစ်အတွင်းမှာ နိုင်ငံကတော့ ပြုပြင်ပြောင်းလဲစရာတွေ၊ လုပ်စရာတွေ အများကြီးရှိတယ်။ အရေးကြီးတဲ့ကဏ္ဍကို စဉ်းစားတာပေါ့။ နံပါတ် ၁ အနေနဲ့ အလုပ်လက်မဲ့ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာတွေကို ပြီးခဲ့တဲ့သက်တမ်းမှာလည်း အဆိုအနေနဲ့ တင်ခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ဘူး၊ အလုပ်လက်မဲ့ပြဿနာဆိုတာ ပါးစပ်နဲ့ပြောတာက လွယ်တယ်။ တကယ်လုပ်မယ်ဆိုရင် ပညာရေးကဏ္ဍကနေစပြီး ပြုပြင်ရမှာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီပြဿနာကို နံပါတ် ၁ ဦးစားပေးအနေနဲ့ လုပ်ချင်တယ်။ နံပါတ် ၂ က အခြေခံလူတန်းစားဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ အခုထိ ဘာမှသိပ်မထူးခြားသေးဘူး။ မထူးခြားတဲ့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်လို နေရာမျိုးမှာဆိုရင် လယ်စိုက်မယ့် တောင်သူမရှိတော့ဘူး။ ဒါကြောင့် လယ်သမားတွေအနေနဲ့ ဒီလယ်တွေကို ပြန်ပြီးအသုံးချ စိုက်ပျိုးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုပြီး အဲဒီကဏ္ဍကို ဦးစားပေးပြီး လုပ်ချင်ပါတယ်။

ကျန်တဲ့အချက်ကတော့ ဝန်ထမ်းပေါ့။ ဖွဲ့စည်းပုံအရဌာနဆိုင်ရာ ဝန်ထမ်းတွေက အများကြီးဖြစ်နေတယ်။ ကျွန်တော် စာရင်းစစ်လုပ်ခဲ့တုန်းက ဦးစီးဌာနတွေမှာ လုပ်ရမယ့်အလုပ်ပမာဏနဲ့ ထမ်းဆောင်ရမယ့် ဝန်ထမ်းအင်အားက ပိုနေတယ်။ တချို့ ဌာနကျတော့ အဲဒီလို မဟုတ်ဘူး။  ဝန်ထမ်းအင်အားကနည်းပြီး လုပ်ငန်း ပမာဏက များတယ်။ ဝန်ထုပ်ဝန်ပိုးတွေဖြစ် ပြီးတော့ မနိုင်မနင်းတွေဖြစ်တယ်။ ဒါကြောင့် ဝန်ထမ်းတွေ မမျှမတဖြစ်နေတဲ့ ဌာနတွေမှာ ဝန်ထမ်းအင်အား ချင့်ချိန်နိုင်အောင် ပြန်ပြီးတော့ ဆောင်ရွက်ဖို့အတွက် အစိုးရကို တိုက်တွန်းတာတွေကို လုပ်ချင်တယ်။ ဒီအချက် သုံးချက်က ဒီနိုင်ငံရဲ့ အဓိကအကျ ဆုံးအချက်တွေလို့ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝန်ထမ်းအဖွဲ့အစည်းဆိုတာ နိုင်ငံရဲ့ ယန္တရားဖြစ်ပါတယ်။ နိုင်ငံ့ယန္တရားကောင်းမှ နိုင်ငံတိုးတက်မယ်။ နောက်ပြီး အခြေခံလူတန်းစားဖြစ်တဲ့ လယ်သမားဘဝတွေ တိုးတက်ပြီး ချမ်းသာမှ တိုင်းပြည်ကချမ်းသာမယ်။ ဒါနဲ့ ဆက်စပ်ပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်း နိုင်မယ်။ ကိုယ့်နိုင်ငံကလူတွေ သူများနိုင်ငံမှာ အလုပ်လုပ်နေတာတွေ၊ အခက်အခဲဖြစ်တာတွေ ဒါတွေလည်း ပပျောက်သွားမှာ ဖြစ်တယ်။

ပြည်သူကို သတင်းစကားပါးချင်တာက ရွေးကောက်ပွဲကာလမှာလည်း နယ်တွေကို ဆင်းခဲ့တယ်။ လက်ရှိ အနေအထားမှာကတော့ ကိုဗစ်ပေါ့။ ကိုဗစ်ရောဂါကို တစ်ဦးချင်းကာကွယ်နိုင်ရင် ဒါဟာ တစ်နိုင်ငံလုံး ကာကွယ်ပြီးသားဖြစ်သွားတာပေါ့။ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အစိုးရက တတ်နိုင်သမျှ ဆောင်ရွက်ပေးနေတယ်။ လက်ရှိမှာ ထားဝယ်စီးပွားရေးဇုန်ကိုလည်း မြှင့်တင်ဖို့ကြိုးစားနေတယ်။ သီလဝါစက်မှု ဇုန်ကိုလည်း မြှင့်တင်နေတယ်။ ရေးမြို့နယ် ဘက်မှာလည်း ထပ်လုပ်ဖို့ စီမံကိန်းရှိတဲ့အတွက် အလုပ်လက်မဲ့ပြဿနာနဲ့ ပတ်သက်ပြီး အများကြီး ဆောင်ရွက်ပေးနိုင်မှာပါ။ ပြည်သူတွေကလည်း ဒီအချိန်မှာ နိုင်ငံ့ရဲ့ အနေအထားအရ ကြိုးစားဆဲဆိုတော့ ဒီအပေါ်မှာ ဝိုင်းပြီးတော့ကူညီဖို့၊ အားပေးကြဖို့ ပန်ကြားချင်ပါတယ်။

ဦးအေးလွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း)

ကျွန်တော်က ဒုတိယအကြိမ်လွှတ်တော် သက်တမ်းမှာလည်း လွှတ်တော်ကိုယ်စား လှယ် တာဝန်ထမ်းဆောင်ဖူး ပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီမှာ ကော်မတီအတွင်းရေးမှူး ဖြစ်တဲ့အခါကျတော့ ဥပဒေတွေလည်း ပြုပေးနိုင်ခဲ့သလို နယ်မြေကွင်းဆင်းမှုတွေ နဲ့ ဝန်ကြီးဌာနကို စောင့်ကြည့် တည့်မတ်တဲ့ အလုပ်တွေကို လုပ်ခဲ့ပါတယ်။ ဒါကတော့ တစ်နိုင်ငံလုံးနဲ့ဆိုင်တာပေါ့။ ကျွန်တော်တို့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အများကြီးဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ထူးခြားတာကိုပြောရမယ်ဆိုရင် ကျွန်တော်တို့မြို့နယ်မှာ အစိုးရစက်မှုလက်မှုသိပ္ပံ (ဒဂုံတောင်)ကို တည်ဆောက်ပြီးစီးသွားပြီး မကြာမီမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ မြို့နယ်အတွက် ဆေးရုံတိုးချဲ့မှုတွေ၊ မြစ်ကူး တံတားတည်ဆောက်တာတွေ ရှိတယ်။ လျှပ်စစ်ပိုင်းဆိုင်ရာ၊ စာသင်ကျောင်းပိုင်း ဆိုင်ရာတွေမှာလည်း အများကြီးတိုးတက်မှုတွေ ရှိပါတယ်။ လွှတ်တော်နားရက်မှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေလုပ်ပါတယ်။ အဲဒီအခါ ပြည်သူလူထုရဲ့ တင်ပြတောင်းဆိုမှုတွေကိုသိရှိပြီး လွှတ်တော်ကတစ်ဆင့် တင်ပြတောင်းဆိုပေးမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဒီလွှတ်တော်ကာလမှာလည်း တွေ့ဆုံပွဲတွေမှာ ပြည်သူလူထုရဲ့ တင်ပြတောင်းဆိုမှုတွေကို လွှတ်တော်ကတစ်ဆင့် ဆက်လက်ပြီးတော့ တင်ပြတောင်းဆိုပေးသွားမှာ ဖြစ်သလိုပေးအပ်လာတဲ့တာဝန်တွေကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားဖို့ အဆင်သင့် ရှိနေပါတယ်။

ဦးညွန့်ဝင်း(ခ)ဆလိုင်းမင်းညို (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန်ပက်လက်မြို့နယ်)

ကျွန်တော်က ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့လို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်စတင် ထမ်းဆောင်ခဲ့တာပါ။ ဒီ ၂ နှစ်တာ ကာလ အတွင်း လွှတ်တော်ထဲမှာ တိုက်တွန်းကြောင်း အဆို ၃ ခုတင်ခဲ့ပါတယ်။ တစ်ခုကိုတော့ ကိုယ်တိုင်မတင်သွင်းတော့ဘဲ ပြန်လည် ရုပ်သိမ်းခဲ့တယ်။ မေးခွန်းအနေနဲ့ ကြယ်ပွင့် မပြမေးခွန်း ၅ဝ ကျော် မေးမြန်းခဲ့ပါတယ်။ ကြယ်ပွင့်ပြမေးခွန်း ၁၀ ခု မေးခဲ့ပါတယ်။ ဆွေးနွေးမှုကတော့ ၁၀ ကြိမ် ဆွေးနွေးနိုင်တယ်။ ပြီးခဲ့တဲ့ လွှတ်တော် ၂ နှစ်တာအတွင်း မှာ တကယ်တက်ရောက်ရတဲ့ ကာလက တစ်နှစ်ကျော်ကျော်လောက်ပဲရှိတယ်။ အဲဒီ ကာလကြားထဲမှာတော့ တတ်အားသရွေ့ ဆောင်ရွက်ခဲ့တယ်။ လွှတ်တော်ကိုယ်စား လှယ်ဆိုတာကလည်း အားလုံးကိုကျွမ်းကျင် ဖို့ဆိုတာထက် သင်ယူရမယ့်အရာတွေ အများကြီးရှိတယ်လို့ ခံယူပါတယ်။ ။

ဒီလွှတ်တော်ကာလမှာ ကျွန်တော်က တိုင်းရင်းသားကိုယ်စားလှယ် ဖြစ်တဲ့အတွက် တိုင်းရင်းသားရေးရာတွေ ဘက်မှာ အဓိကအားစိုက်ပြီး ဆောင်ရွက်ချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်တော်တို့ မြန်မာ ပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေ မှာပဲဖြစ်ဖြစ်၊ စည်းလုံးညီညွတ်မှုအပိုင်းမှာပဲ ဖြစ်ဖြစ် အဟန့်အတားဖြစ်စေတဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် သင်ခန်းစာယူစရာနဲ့ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ တစ်ဖက်မှာကြည့်ရင်လည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ တိုင်းရင်းသားတွေ လိုလားတောင့်တမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ယခုလွှတ်တော် သက်တမ်းမှာ NLD ပါတီအနေနဲ့ အများကြီး လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။

ထိုနည်းတူစွာ ကျွန်တော်တို့ ပါတီအကြီးအကဲတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံတဲ့ရလဒ်တွေ အပေါ်မှာပဲ အခြေခံပြီး ငါးနှစ်တာကာလအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုင်းရင်းသားအရေးတွေမှာ အဘက်ဘက်ကနေ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ခံယူပါတယ်။

ပြည်သူတွေက ကျွန်တော့်ရဲ့ ဆောင်ရွက်ချက်တွေကို အမြဲစောင့်ကြည့်နေမှာပါပဲ။ ဒီမိုကရေစီ ဆောင်ပုဒ်အတိုင်းပဲ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ဒီနေရာဟာ ပြည်သူ့ နေရာဖြစ်တယ်။ ပြည်သူ့အသံကို နားထောင်ဖို့လိုတယ်။ အောက်ခြေက ပြည်သူရဲ့လိုအပ်ချက်တွေကို အဘက်ဘက်ကနေ ကိုယ်စားပြု ထမ်းဆောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူနဲ့ချိတ်ဆက်မှုဟာ အရေးကြီးတယ်။ ဒီတော့ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ကိုယ်စားလှယ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ကြဖို့ ပြောကြားလိုပါတယ်။ မိမိရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေသဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အဘက်ဘက်ကနေ ပြည်သူ့လိုအပ်ချက်တွေကို ကျွန်တော့် အနေနဲ့ လွှတ်တော်အတွင်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဦးဘိုကြီး(ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ချောက်မြို့နယ်)

ကျွန်တော့်အနေနဲ့ လွှတ်တော်အတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ဖို့အတွက် တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်မှာဖြစ်သလို ကျွန်တော်က စီးပွားရေးတက္ကသိုလ် ကျောင်းဆင်းဆိုတော့ စီးပွားရေးတိုးတက်ဖို့ အတွက်လည်း တိုင်းပြည်အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။ ပြည်သူတွေစားဝတ်နေရေး အဆင်ပြေဖို့လည်း အဓိကကျပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ငွေစာရင်းကော်မတီ၊ ပြည်ထောင်စု လွှတ်တော်ငွေစာရင်းပူးပေါင်းကော်မတီမှာ ပါပါတယ်။ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့အတွက် ဘတ်ဂျက်တွေရေးဆွဲတာကို စိစစ်ရပါတယ်။ ဘတ်ဂျက်တွေရေးဆွဲ အတည်ပြုပြီး သုံးစွဲတဲ့အခါမှာလည်း မှန်မှန်နဲ့သုံးစွဲဖို့ အတွက် စစ်ဆေးရပါတယ်၊ အဆိုပြုရတယ်။ အဲဒီတော့ ဘတ်ဂျက်ရေးဆွဲတာ၊ သုံးစွဲတာ တွေကို အဓိကထားပြီး အဆိုတွေတင်တယ်၊ ဆွေးနွေးတယ်။

Other Account cogor caos ecos ညီတော့တဲ့အတွက် ဖျက်သိမ်းဖို့အဆိုတင်တယ်။ ဒါတွေလည်း အောင်မြင်ခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆိုရင်လည်း ပြည်ပချေးငွေနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်။ ပြည်ပချေးငွေက တိုင်းပြည်အတွက် အရေးကြီးတယ်။ ကျွန်တော်တို့ခေတ်ကျတော့ ချေးငွေ မချေးလို့မရဘူး။ တိုင်းပြည်မှာ ဘတ်ဂျက်က အပြည့်အဝမရှိတာကြောင့် ပြည်ပချေးငွေလိုတယ်။ ချေးတဲ့နေရာမှာလည်း နိုင်ငံအတွက် ပြန်ရမယ့်၊ အကျိုးရှိမယ့်ချေးငွေတွေကို ချေးစေချင်တယ်။ ဝင်ငွေပြန်ရမယ့်ချေးငွေတွေဆိုရင် ကျွန်တော်ထောက်ခံတယ်၊ ချေးစေချင်တယ်။ နောက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကိုလည်း အကျိုးရှိမယ့် ချေးငွေတွေချေးဖို့ တိုက်တွန်းတယ်။ ပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေတွေကိုလည်း ကျွန်တော်တို့ ပြင်ခဲ့တယ်။ ဘာလို့လဲဆိုရင် အခွန်နဲ့ ပတ်သက်ပြီး နှစ်ချုပ်စာရင်းတွေကို ပြင်ပ Audit က စစ်တယ်။ စစ်ပြီးတော့အတည် ပြုတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လိုအပ်ရင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ပေးပါ။ ဘာလို့လဲဆိုရင် အခွန်တွေက စစ်မှလည်း မှန်မှန်ကန်ကန် ဖြစ်လာမယ်။ လာမယ့် လွှတ်တော်သက်တမ်းငါးနှစ်မှာလည်း ဒါတွေကိုကြိုးစားပြီး လုပ်သွားမယ်လို့ ပြောကြားလိုပါတယ်။

ဦးကျော်မင်းဦး ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မင်းတုန်းမြို့နယ်)

ကျွန်တော်တို့ဒေသက တောင်သူ လယ်သမားများတဲ့အတွက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးချယ်ခံထားတာကြောင့် ရွေးကောက်ပွဲကြေညာ စာတမ်းကို အခြေခံပြီးတော့ အဲဒီမူဘောင်ထဲကနေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တစ်ဖက်မှာလည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး အစုအဖွဲ့သစ်တောတွေကိုလည်း တိုးတက်အောင်လုပ်ရပါမယ်။ အထူးသဖြင့် စိုက်ပျိုးမှုနဲ့ ထုတ်လုပ်တဲ့အပိုင်းကို အဆင့်မြှင့် ဖို့လိုပါတယ်။

နည်းပညာတိုးတက်ဖို့၊ စပ်မျိုးကောင်းတွေ၊ မျိုးကောင်းမျိုးသန့်တွေနဲ့ မြေသြဇာကိုလည်း ခေတ်မီပြီး ဓာတုကင်းလွတ်တဲ့ မြေဩဇာတွေ လိုပါတယ်။ ဒါမျိုးတွေ လုပ်တတ်မှသာလျှင် တောင်သူလယ်သမားများရဲ့ ထုတ်လုပ်နိုင်မှု မြင့်တက်လာပြီး ထုတ်လုပ်တဲ့ပစ္စည်းကလည်း အရည်အသွေး တွေမြင့်တက်လာပါမယ်။ ဒါမှ ကမ္ဘာ့ဈေးကွက်မှာ ရောင်းပန်းလှလာမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးက တောင်သူများအတွက် ရာသီ ဥတုအခြေအနေကြောင့် စားဖို့လောက်ပဲ တချို့ အဆင်ပြေတာပါ။ တကယ်စီးပွားဖြစ်ဖို့ အတွက်ဆိုရင် သစ်တောကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မင်းတုန်းမြို့နယ်က သစ်တောတွေ တော်တော်ထူထပ်တဲ့အတွက် ဒါတွေကိုအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ပြီး ကောင်းကောင်းထိန်းသိမ်း နိုင်မယ်ဆိုရင် မင်းတုန်းမြို့ဟာ ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။

မင်းတုန်းပြည်သူတွေကို လွှတ်တော်အသံ ပြည်သူ့အသံ၊ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒ၊ ပြည်သူလူထုအကျိုး လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့အတွက် ပြည်သူတွေက မိမိရဲ့အကျိုးအတွက် ဘာတွေလုပ်ပေး သင့်တယ်၊ ဘာတွေဖြစ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ လွှတ်တော်ကပြီးလို့ ပြန်လာတဲ့အချိန်မှာ တင်ပြဖို့ရန် အခုကတည်းက တွေးထားစေချင်ပါတယ်။ ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသ အခက်အခဲတွေကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း နွေးနွေးထွေးထွေး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးစေချင်ပါတယ်။ ပြည်သူကခိုင်းဖို့ ရွေးချယ်ခံထား ရတဲ့အတွက် ဒီမိုကရေစီအစိုးရ ဖြစ်တာကြောင့် ပြည်သူအနေဖြင့် ရဲရဲဝင့်ဝင့် တင်ပြစေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို ခိုင်းပါ။ ခိုင်းလည်း ခိုင်းစေချင်ပါတယ်။

ဦးအောင်ဟိန်းမင်း(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဖားကန့်မြို့နယ်)

ကျွန်တော်တို့အနေနဲ့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာပါတဲ့ အချက်တွေကိုပဲ အဓိက အကောင်အထည် ဖော်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သီးခြားရွေးကောက်ပွဲကတိကဝတ် ပေးခဲ့တာတော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော် တို့ လုပ်သွားမယ့် လုပ်ငန်းစဉ်ကိုတော့ ကတိပေးခဲ့ပါတယ်။ ဘယ်လိုရလဒ်ရမယ်လို့တော့ ကတိမပေးခဲ့ပါဘူး။ ကျွန်တော်တို့ကိုယ်စား လှယ်တစ်ယောက်လုပ်ရမယ့် အခြေခံအကျဆုံးဖြစ်တဲ့ ဒေသဖွံ့ဖြိုးရေးကတော့ ဦးစားပေးပြီး လုပ်ပါမယ်။ ကျွန်တော်နေတဲ့ ဖားကန့်ဒေသက အခွန်အခတွေ အများကြီး ရနေပေမယ့် ဒေသဖွံ့ဖြိုးမှုကတော့ အားနည်းနေပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေသေးတယ်။ ဒါတွေကိုဦးစားပေး လုပ်ဖို့ရှိတယ်။

ကျွန်တော်ကိုယ်တိုင်က လူငယ်ဖြစ်တဲ့အတွက် လူငယ်ကဏ္ဍကို ပီပီပြင်ပြင် ဖြစ်လာအောင် လူငယ်မူဝါဒ ရှိထားတဲ့အပေါ်မှာ သက်ဝင် အကောင်အထည်ဖော်နိုင်အောင် လုပ်သွားမှာပါ။ နောက်တစ်ချက်အနေနဲ့ သယံဇာတတူးဖော်တဲ့နေရာမှာ ဥပဒေနဲ့အညီ စနစ်တကျ တူးဖော်နိုင်အောင်နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မဖြစ်စေဖို့ ဦးစားပေး အလေးထားပြီး သယံဇာတ တူးဖော်တဲ့ ပုံစံမျိုးဖြစ်အောင် တိုက်တွန်းသွား ဖို့ရှိပါတယ်။

မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးကဏ္ဍမှာလည်း ဆောင်ရွက်ဖို့ရှိပါတယ်။ မူးယစ်ဆေးဝါးဆိုတာက တစ်ယောက်တည်း၊ တစ်ဖွဲ့တည်းက တားဆီးနိုင်တဲ့အရာ မဟုတ် ဘူး။ ဒါကြောင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်တယ်။ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်တဲ့အခါမှာ အစားထိုးတဲ့လုပ်ငန်းကလည်း အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် အားကစား ကဏ္ဍတွေ ပီပီပြင်ပြင်ဖြစ်လာအောင် ဆောင်ရွက်သွားဖို့ စဉ်းစားထားပါတယ်။ ကျွန်တော့်အနေနဲ့ မဲဆန္ဒနယ်အဝေးမှာ ရောက်နေပေမယ့် ကျွန်တော့်ဒေသကို အမြဲနားစွင့်နေတယ်။ နောက်ပြီး အခက်အခဲရှိသမျှ ပြဿနာတွေကိုလည်း လူချင်းတွေ့မှမဟုတ်ဘဲ အဝေးမှာရောက်နေရင်လည်း တင်ပြဆက်သွယ်လို့ရပါတယ်။

ဦးမျိုးမင်းဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကံမမြို့နယ်)

ကျွန်တော့်အနေနဲ့ ကိုယ့်မြို့နယ် ဖွံ့ဖြိုးရေးအတွက်ကတော့ လုပ်သွားမှာဖြစ်ပါတယ်။ အဓိကတော့ ပြည်သူတွေ လိုအပ်နေတဲ့ အခြေခံစီးပွားရေးအဆောက်အအုံပေါ့။ လမ်း၊ တံတား၊ ကျန်းမာရေးတွေ၊ ပညာရေးတွေ ပြည့်စုံအောင် ဆောင်ရွက်မယ်။ ဒါကတော့ မေးခွန်းအနေနဲ့ သွားမှာပေါ့။ နောက်တစ်ခုက လျှပ်စစ်မီးနဲ့ အဓိကကျတဲ့ အလုပ်အကိုင် အခွင့်အလမ်းဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပါတီရဲ့ ရွေးကောက်ပွဲကြေညာ စာတမ်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စွမ်းစွမ်း တမံ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအနေ အထားအရ ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ဘယ်ကဏ္ဍကို ဦးစားပေးမယ်ဆိုတာထက် ဖွံ့ဖြိုးရေးကတော့ ကဏ္ဍပေါင်းစုံလုပ်ရမယ်။ လမ်းပန်းဆက်သွယ်ရေး အပိုင်းဆိုရင်လည်း ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ လုပ်ခဲ့လို့ မပြီးပြတ်သေး တာတွေရှိတယ်။ ကျေးလက်လမ်းတွေဆိုရင် လည်း မဖောက်လုပ်ရသေးတဲ့ ကျေးလက်လမ်းတွေ ဆက်ဖော်ဖို့လိုတယ်။ ဖောက်ပြီးသား ကျေးလက်လမ်းတွေလည်း အဆင့်မြှင့်တင်ဖို့လိုတယ်။

ပညာရေး အပိုင်းကျတော့လည်း ပြောင်းလဲထားတဲ့ ပညာရေးစနစ်နဲ့အညီ လိုက်နိုင်အောင်၊ ပြည်သူကိုလည်း နားလည်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ အခုပြောင်းလဲထားတဲ့ ပညာရေးစနစ်ကိုလည်း သဘောကျပါတယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံပိုင်ခွင့် အပြည့်အဝရဖို့အတွက် လိုအပ်တာတွေကို ကိုယ့်မြို့နယ်အလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းက မေးခွန်းမေးမြန်းပြီး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွား လို့ရပါတယ်။ အဓိက အလေးထားပြီး ဆောင်ရွက်ချင်တာက လူငယ်ကဏ္ဍဖြစ်ပါတယ်။ လူငယ်ဖွံ့ဖြိုးရေးတွေ လုပ်ဖို့လိုတယ်။ လူငယ်တွေကို အကျိုးရှိတဲ့နေရာမှာ အချိန်ကုန်စေချင်တယ်။ လူငယ်အသင်းအဖွဲ့လေးတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်မယ်လို့ ရည်ရွယ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ပြည်သူတွေကို အခွင့်အလမ်းတွေ ဖွင့်ပေးဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုအခွင့်အလမ်းတွေဖွင့်ပေးလိုက်ရင် သူတို့ဘာသာသူတို့လုပ်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ပြည်သူလူထုဖြစ်ဖို့ မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးမင်းနိုင်

ဓာတ်ပုံ- ဟိန်းမင်းစိုး