နိုင်ငံအကျိုးပြုပညာတတ်များဖြစ်ရေး ကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၂

“စွမ်းရည်ပြည့်ဝသော ခေတ်ပညာတတ်လူငယ်လူရွယ်များပေါ်ထွက်လာရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပါသည်။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက် စာမေးပွဲအောင်ရုံဖြင့် ပညာတတ်သည်ဟု အပြည့်အဝ မဆိုနိုင်ပါ။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန် ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်မှသာ တကယ့်ပညာတတ်အစစ် ဖြစ်ပါမည်။”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်ခဲ့စဉ်က နယ်ချဲ့တို့၏ အုပ်ချုပ်ရေးယန္တရားနှင့် လိုက်လျောညီထွေဖြစ်မည့် ကိုလိုနီပညာရေးကို ဖန်တီးခဲ့ကြသည်။ ထိုအခါ မြန်မာ့ပညာရေးမှာနိမ့်ကျပြီး ကျွန်ပညာရေးဖြင့် မြန်မာတစ်မျိုးသားလုံး နာလန်မထူသည့်ဘဝတွင် နေထိုင်ခဲ့ကြရသည်။ မြန်မာတိုင်းရင်းသား လူငယ်လူရွယ်အနည်းစုသာ ပညာတတ်များဖြစ်ခဲ့သည်။ သို့သော် အထက်တန်းပညာမှ တက္ကသိုလ်၊ ကောလိပ်ပညာအထိ သင်ယူကြသော လူငယ်လူရွယ်များသည် ကျွန်ပညာရေးကိုလက်မခံဘဲ အမျိုးသားပညာရေး ထွန်းကားလာအောင် ကြိုးပမ်းခဲ့ကြသည်။ ပညာတတ်လူငယ်လူရွယ်များသည် ကျွန်ပညာရေးဖြင့် ရှင်သန်ခဲ့သော်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုယ်ခံစွမ်းအားများဖြင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို ဆောင်ရွက်နိုင်ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင် ပညာရေးစနစ် အမျိုးမျိုးပြောင်းလဲမှုနှင့် ပြောင်းလဲလာသော ခေတ်ကာလတွင် မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့သင်ယူခဲ့သောပညာဖြင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားရေးနှင့် တီထွင်ဆန်းသစ်ဖန်တီးနိုင်ရေးတို့ထက် တစ်နှစ်တစ်တန်း အတန်းမှန်မှန် အောင်နိုင်ရေးနှင့် အောင်လက်မှတ်ရရှိရေးကိုသာ ရှေးရှုဆောင်ရွက်ခဲ့ကြသည်။ ထိုအခါ ဘွဲ့ရအသိပညာမကြွယ်၊ ကျောင်းပညာပြီးဆုံးသော်လည်း မိမိသင်ယူခဲ့သော ပညာကို အသုံးချနိုင်စွမ်းမရှိသည့် အရေအတွက်သာရှိပြီး အများအားဖြင့် အရည်အချင်းမရှိသူများ ဖြစ်လာခဲ့သည်။ အားလုံးကိုမဆိုလိုသော်လည်း အချို့သူများမှာ ပညာသင်ယူပြီးမြောက်ပြီးနောက် မိမိကိုယ်တိုင် တီထွင်ဆန်းသစ် ကြိုးစားအားထုတ်မှုဖြင့် ထူးချွန်ထက်မြက်သူများလည်း ရှိသည်။

ခေတ်ကာလပြောင်းလဲလာသည့်အလျောက် ယခုအခါ ပညာတတ်ပြီး ဆင်ခြင်တုံတရားနည်းပါး သူများ၊ ပညာတတ်အစွန်းရောက်သူများကိုလည်း တွေ့ရမည်ဖြစ်သည်။ ပညာသင်ယူကြသည်မှာ မိမိအကျိုး၊ အများအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်။ ပညာတတ်ပြီး မှန်မှန်ကန်ကန် တွေးခေါ်စဉ်းစား ဆင်ခြင်နိုင်စွမ်းမရှိသူများနှင့် ပညာတတ်ပြီး မိမိကိုလည်းအကျိုးမပြု။ တိုင်းပြည်ကိုလည်း အကျိုးမပြုသူများကိုလည်း တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် စိတ်ပါးလျားလာကြသည်ကို တွေ့ရသည်။ ထို့ကြောင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့်သက်မွေးပညာတို့ကို သင်ယူလေ့လာရာတွင် မြန်မာနိုင်ငံ၏သဘော သဘာဝနှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် ပညာရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးလျက်ရှိသကဲ့သို့ အထူးပညာရေးအစီအစဉ်နှင့်လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်များဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မကျန် ပညာသင်ယူခွင့်ရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိသည်။

တက္ကသိုလ်များတွင် ပညာရပ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းရေးကို ဆောင်ရွက်ပေးပြီး စည်းကမ်းရှိသော၊ မျိုးချစ်စိတ်ဓာတ်ရှိသော၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ဆောင်ရွက်နိုင်သော စွမ်းရည်ပြည့်ဝ နှလုံးလှသည့် ပညာတတ်များ ပေါများလာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ ပညာသင်ကြားခြင်းသည် မိမိတို့ဘဝတိုးတက်ရေးသာမက အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားနိုင်မှသာ မိမိတို့တတ်မြောက်ထားသောပညာကို မိမိတို့ပတ်ဝန်းကျင်နှင့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပညာတတ်များအနေဖြင့် မိမိတတ်မြောက်ထားသည့်ပညာကို အဓိပ္ပာယ်ရှိစွာဖြင့် အသုံးချသင့်သည်။ ပညာတတ်ပြီး အချည်းနှီးလည်းမဖြစ်၊ ပညာတတ်ပြီး အကျိုးမဲ့လည်း မဖြစ်သင့်ပေ။ အထူးသဖြင့် ပညာတတ်ပြီး မိမိဘဝကို လမ်းမှန်ပေါ်တွင် ကောင်းကျိုးဆောင်ကြဉ်သင့်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်မည့် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာများကို လေ့လာဆည်းပူး သင်ယူကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့၏ မှန်ကန်သော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ခင်ရင်းနှီးပြီး စိတ်ရင်းစေတနာမှန်ဖြင့် အများပြည်သူအကျိုးကို ဆောင်ရွက်နိုင်သူ၊ ကူညီဆောင်ရွက်နိုင်သူ ဖြစ်နိုင်ပါကြောင်း။    ။

ကြေးမုံ