နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးတွင် ရပ်တည်နေသော စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဝင်ရောက်ရန်ရှိ

mdn

၁၅ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ထိပ်ဆုံးတွင် ရပ်တည်နေသော စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

"ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို စင်ကာပူနဲ့ ဆောင်ရွက်နေတာ နှစ်စဉ်နှစ်စဉ် တိုးတက်ပြီး ဆောင်ရွက်လာတာရှိပါတယ်၊ ပြည်ထောင်စုဝန်ကြီးပြောတဲ့ မိန့်ခွန်းမှာလည်း ပါပါတယ်၊ စင်ကာပူနဲ့ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်စာချုပ်တွေ ထပ်ပြီးတော့ ချုပ်ဖို့လည်း ရှိပါတယ်"ဟု  ဦးသန့်စင်လွင် က ပြောသည်။

 

လက်ရှိ စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဆိုလာမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်သည့်လုပ်ငန်း၊ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာများ လုပ်ဆောင်ရန် ပြောကြားထားသည့်အပြင်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် ရာတွင်လည်း လိုအပ်သည့် နည်းပညာပိုင်းကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။

 

"ကျွန်တော်တို့ကတော့ အရင်ချထားတဲ့ Bilateral Investment Agreement တွေ ရှိပါတယ်၊ အဲဒီဟာတွေကို ဆက်လက်အကောင်အထည် ဖော်သွားမှာပါ၊ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ Housing တွေ၊ Bank Development တွေ၊ Industrial Park တွေ၊ နောက်တစ်ခါ တခြား စင်ကာပူ ဘက်က Offer ပေးထားတာတွေရှိသလို ကျွန်တော်တို့ဘက်ကနေပြီးတော့မှ လိုအပ်တဲ့ အချက်တွေ လည်း ရှိပါတယ်၊ အထူးသဖြင့် မူပိုင်ခွင့်ကိစ္စတွေ ဒါမျိုးတွေမှာလည်း စင်ကာပူဘက်က နည်းပညာ ပိုင်းအရ ကူညီပေးမယ်လို့ ဒါကျွန်တော်တို့နဲ့ သဘောတူထားတာရှိပါတယ်၊ ဒီအပိုင်းတွေကို ပြန်လည်ဖော်ပြပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်"ဟု ဦးသန့်စင်လွင် က ဆက်ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က Novotel Yangon Max တွင် မြန်မာနိုင်ငံ စင်ကာပူသံရုံး၏ ကူညီထောက်ပံ့မှုဖြင့် Singapore Association of Myanmar (SAM) နှင့် Singapore Institute of International Affairs (SIIA)တို့ ပူးပေါင်း၍ မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ၂၀၁၉ (Myanmar-Singapore Business Summit 2019)ကို ကျင်းပပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်အတွက် လက်ရှိဆောင်ရွက်နေမှုများကို  ရှင်းပြခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ကျွန်တော်တို့အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ဒါပေမယ့် တချို့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော်များများက တခြားပြည်ပရဲ့ သတင်းဌာန တွေရဲ့ ရေးသားချက်ကိုပဲ သိရပါတယ်၊ ဒါကြောင့်မို့လို့ တချို့ ရင်းနှီးမြှုပ်နှံတဲ့သူတွေက ဒီမြန်မာပြည်မှာ လာပြီးတော့ လေ့လာတာဖြစ်ပါတယ်၊ အဲလိုအချိန်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းတွေ၊ ဥပဒေတွေရဲ့ ခိုင်မာမှုတွေ၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့အတွက် ဆောင်ရွက်နေမှုတွေ အထူးသဖြင့် စင်ကာပူနဲ့ပတ်သက်ပြီး ဆောင်ရွက်မှုတွေကို ဒါကျွန်တော်တို့က ရှင်းပြပါတယ်"ဟု  ဦးသန့်စင်လွင် က ထပ်မံပြောကြားသည်။

 

လက်ရှိ မြန်မာနိုင်င်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၀ ရှိသည့်အနက် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ထိပ်ဆုံးတွင်ရှိပြီး ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လုပ်ငန်းပေါင်း ၃၁၄ ခု ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ​ကျော်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း