နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ ထိုင်းပညာရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်လျက်ရှိ

၁၄ ဩဂုတ်

 

 

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေ တိုးတက် ကောင်းမွန်လာသဖြင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ ဩဂုတ် ၁၄ ရက်တွင် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ထိုင်းပညာရေး ဝန်ကြီးဌာနက ကူးစက်မှု ဒုတိယလှိုင်းကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

 

 

ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းသားများ မည်သည့် နေရာသွားသည်ကို စောင့်ကြည့်ရန် စာသင်ကျောင်းများ အားလုံးကို ညွှန်ကြားထားသည်။

 

 

စာသင်ချိန်ပြီးနောက်တွင် ကျောင်းသားများ သွားတတ်သည့် နေရာများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရန် မဖြစ်မနေ လိုက်နာရမည့် အချက်များအနက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ပညာရေးဝန်ကြီး Nataphol Teepsuwan က ဆိုသည်။

 

 

ပညာရေးဝန်ကြီးဌာနနှင့် စာသင်ကျောင်းများ အားလုံးသည် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး မည်သို့ အကောင်းဆုံး ကိုင်တွယ်ရမည်ကို လေ့လာနေဆဲဖြစ်ပြီး ကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာခဲ့လျှင် စာသင်ကျောင်းများ အနေဖြင့် အွန်လိုင်းသင်ကြားရေးကို ပြန်ရောက်သွားနိုင်ကြောင်း ထိုဝန်ကြီးက ပြောကြားခဲ့သည်။

 

 

ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားပါက ရောဂါကူးစက် ခံထားရသော ကျောင်းသားများနှင့် ၎င်းတို့အတန်းကို ဦးစွာ ပထမ ပိတ်ထားမည်ဖြစ်ပြီး ပိတ်မည့်ကာလကို ဒေသန္တရ ပညာရေး ဝန်ကြီးဌာနရုံးများက ဆုံးဖြတ်သွားမည် ဟု ၎င်းက ဆိုသည်။

 

 

ပညာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ လာရောက်သင်ကြားသည့် မြန်မာနှင့် လာအိုနိုင်ငံ နယ်စပ်ဒေသများမှ ကျောင်းသားများ အတွက်လည်း  သီးခြား ကန့်သတ်ထားရာ နေရာများကို အသင့်ပြုလုပ် ပေးထားသည်။

 

 

ထိုကျောင်းသား တော်တော်များများသည် ကျောင်းတက်ရက်များတွင် ၎င်းတို့၏ ဆွေမျိုးများနှင့် အတူနေထိုင်ပြီး ပိတ်ရက်တွင် ၎င်းတို့၏ မိသားစုများရှိရာ နယ်စပ်ဒေသသို့ ပြန်သွားကြသည်ဟု ၎င်းက ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို