နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

တောင်တွင်းကြီး ၂၂   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆရာမများ၊ မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေး အဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာက ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း လုပ်ငန်းအား အသိပေး ရှင်းလင်းရာတွင် ဝက်သက်-ဂျိုက်သိုး ရောဂါသည် ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားပြီး ကူးစက် မြန်သည့် ရောဂါဖြစ်ကြောင်း၊ ထိန်းချုပ်နိုင်ရန် ကလေးငယ်တိုင်း ကာကွယ်ဆေးထိုးရန် လိုကြောင်း၊ အထူးသဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အသက်သေဆုံး နိုင်သည်အထိ ဖြစ်နိုင်ကြောင်း၊ (၂၀၂၃)ခုနှစ် တွင် ဝက်သက်-ဂျိုက်သိုးရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေး ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှု လျှော့ချနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်ကြောင်း မိမိတို့ မြို့နယ်အတွင်းတွင် အသက်(၉)လမှ (၅)နှစ်ခွဲ ကလေးငယ် (၂၀၆၆၀)ဦးရှိပြီး ကာကွယ်ဆေး ထိုးနှံမည့်အဖွဲ့ (၆၃)ဖွဲ့မှ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂)ဝန်ထမ်းများဖြင့် လာမည့် နိုဝင်ဘာ(၂၆၊ ၂၇၊၂၈) ရက်များတွင် သတ်မှတ်ထားသော စုရပ် (၂၉၁) နေရာတွင် တစ်ယောက်မကျန် ထိုးနှံပေးမှာဖြစ်သည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေး အဖွဲ့အစည်းများ၊ မြို့နယ် ကြက်ခြေနီ အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကြည်ကြည်မာက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

နိုင်ဝင်း (တောင်တွင်းကြီး)