နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်း နေပြည်တော်ကောင်စီမှ ဆောင်ရွက်ချက်များ

တွေ့ဆုံမေးမြန်း- နန္ဒာဝင်း၊ ဓာတ်ပုံ- ဇော်မင်းလွင် (ပြန်/ဆက်)

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြို့ကြီး ၂၆ မြို့နယ်ကို အာဆီယံ Smart Cities ကွန်ရက် (ASEAN Smart Cities Network) ထူထောင်ရာတွင် နေပြည်တော်သည် ၂၀၁၈ ခုနှစ်တွင် ကနဦးမြို့တော်အဖြစ် ပါဝင်ခဲ့သည်။ အာဆီယံ Smart Cities မူဘောင်အဖြစ် ချမှတ်ထားသော လုပ်ငန်းစဉ်များအနက် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သာယာ၀ပြောရေး၊ အရည်အသွေးကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အအုံဟူသည့် ကဏ္ဍ (၃) ရပ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ နေပြည်တော်ကောင်စီသည် လုပ်ငန်းစဉ် (Action Plan)များ ချမှတ် ဆောင်ရွက်လျက်ရှိသည်။


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်း၊ တံတားများအပြင် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြ လိုက်ရပါသည် -

 

မေး။ ။ နေပြည်တော်ကောင်စီရဲ့ စတုတ္ထ(၁) နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုတွေကို သိရှိလိုပါတယ် ရှင့်။


ဖြေ။ ။ နိုင်ငံတော်အစိုးရရဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို အခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့အတွက် ချမှတ်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်တွေနဲ့အညီ နေပြည်တော်ကောင်စီက ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် အခြေခံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။


(၄) နှစ်တာကာလအတွင်း နှစ်အလိုက် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေ၊ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေတို့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ပထမ (၁) နှစ်တာ ကာလမှာ လုပ်ငန်းပေါင်း ၁၄၃၁ ခုကို ငွေကျပ် သန်းပေါင်း ၄၁၆၃၂ ဒသမ ၂၄၇ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။


ဒုတိယ (၁) နှစ်တာကာလမှာ လုပ်ငန်းပေါင်း ၁၃၉၂ ခုကို ငွေကျပ်သန်းပေါင်း ၄၂၄၆၄ ဒသမ ၅၅၅ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တတိယ (၁) နှစ်တာကာလ မှာ လုပ်ငန်းပေါင်း ၁၈၈၀ ကို ငွေကျပ်သန်း ပေါင်း ၉၀၇၈၈ ဒသမ ၇၀၉ သန်းနဲ့ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ စတုတ္ထ (၁) နှစ်တာကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းမှာ လုပ်ငန်းပေါင်း ၁၇၅၇ ခုကို ငွေကျပ် သန်းပေါင်း ၁၀၀၃၆၄ ဒသမ ၄၇၂ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။ ။ ပညာရေးကဏ္ဍအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို သိရှိလိုပါတယ်။

 

ဖြေ။ ။ စတုတ္ထ (၁) နှစ်တာကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်း ပေါင်း ၃၉၃ ခုကို ငွေကျပ်သန်းပေါင်း ၆၈၈၇ ဒသမ ၅၉၄ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တစ်ခုလုံးမှာ ကျောင်းဆောင်သစ် ၆၉ ကျောင်းကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဆရာ/ဆရာမ ၂၆၈ ဦးကို အသစ်ခန့်ထားနိုင်ခဲ့ပြီး လက်ရှိမှာ ဆရာ/ဆရာမ ၈၅၆၂ ဦးနဲ့ ပညာသင်ကြား ပေးလျက်ရှိပါတယ်။
စာပေသင်ကြားမှု လွယ်ကူအဆင်ပြေစေဖို့အတွက် သံဖရိန်စာသင်ခုံ ၁၂၇၅၃ ခုံကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကျောင်းအဆင့် တိုး ဖွင့်လှစ်ခဲ့မှုအနေနဲ့ မူလတန်းကျောင်း အမက (ခွဲ)သို့ ခြောက်ကျောင်း၊ အမက(ခွဲ)မှ အမကသို့ ခုနစ်ကျောင်း၊ အမကမှ မူလတန်းလွန်သို့ ၂၉ ကျောင်း၊ မူလတန်းလွန်မှ အလက (ခွဲ)သို့ ၂၃ ကျောင်း၊ အလက(ခွဲ)မှ အလကသို့ ကျောင်း ၂၀၊ အလကမှ အထက(ခွဲ)သို့ ၂၁ ကျောင်းနဲ့ အထက(ခွဲ)မှ အထကသို့ ခုနစ် ကျောင်း စသဖြင့် အခြေခံပညာကျောင်း ၁၁၃ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။


အလှူရှင်တွေရဲ့ ဆောက်လုပ်လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ဝင်းပြည်သစ်ဖောင်ဒေးရှင်းနဲ့ ကိုရီးယားနိုင်ငံအလှူရှင်တွေရဲ့ လှူဒါန်းမှု တွေနဲ့ ဇမ္ဗူသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာရှိတဲ့ အထကကျောင်း သုံးကျောင်းမှာ ရေသန့်စက်တွေ တပ်ဆင်ခဲ့ ပါတယ်။ DB Insurance Company က ပုဗ္ဗသီရိမြို့နယ်မှာ Steel Structure သွပ်မိုး အုတ်ညှပ် တစ်ထပ်ဆောင်တစ်ဆောင်နဲ့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက ဇေယျာသီရိမြို့နယ်မှာရှိတဲ့ အထက(ခွဲ) စည်ပင်ကြီး ကျောင်းမှာ ဆရာ၊ ဆရာမတွေ နေထိုင်ဖို့ ရှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ တစ်လုံးတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ ပါတယ်။


နေပြည်တော်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၇၄၈ ကျောင်းမှာ ကျောင်းသား ပေါင်း ၂၁၀၆၁၇ ဦး ပညာသင် ယူလျက်ရှိပါတယ်။ ကျောင်းပေါင်း ၅၆၄ ကျောင်းမှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဘက်စုံပညာရေးဖွံ့ဖြိုးမှုအနေနဲ့ ဗဟိုအဆင့် ကျောင်းသား အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါ့ပြင် နိုင်ငံ တော်ရဲ့ ထူးခြားတဲ့ နေ့ရက်တွေ၊ အခမ်းအနား တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တို့မှာ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်စေခဲ့ပါတယ်။

 

မေး။ ။ ကျန်းမာရေးကဏ္ဍအနေနဲ့ ဆောင်ရွက်နေမှုကို သိရှိလိုပါတယ်ရှင့်။

 

ဖြေ။ ။ နေပြည်တော်အတွင်းမှာ ဗဟိုအဆင့် ဆေးရုံကြီး ငါးရုံ၊ ခရိုင်အဆင့်ဆေးရုံ နှစ်ရုံ၊ မြို့နယ်အဆင့်ဆေးရုံ ၁၅ ရုံနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ပြင် စတုတ္ထ(၁)နှစ်တာကာလ အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှာ လုပ်ငန်းပေါင်း ၁၉ ခုကို ငွေကျပ် သန်းပေါင်း ၄၉၈၂ ဒသမ ၅၆၃ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူလူထုအကြားမှာ ကာကွယ်ဆေး ထိုးနှံပေးမှုတွေ ပိုမိုလွှမ်းခြုံလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းကို အထူးကုဆေးရုံကြီးတွေ၊ ခုတင် ၅၀၀ ဆံ့ ကလေးအထူးကုဆေးရုံကြီး၊ ခုတင် ၅၀၀ ဆံ့ သားဖွားမီးယပ် အထူးကုဆေးရုံကြီး၊ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ အမှတ် (၂) ခုတင် ၃၀၀ ဆံ့ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီး၊ ခုတင် ၂၀၀ ဆံ့ ပျဉ်းမနား ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၁၀၀ ဆံ့ လယ်ဝေး ပြည်သူ့ဆေးရုံကြီးနဲ့ တပ်ကုန်းပြည်သူ့ဆေးရုံ ကြီး၊ ခုတင် ၅၀ ဆံ့ ဇမ္ဗူသီရိမြို့နယ်ဆေးရုံနဲ့ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းတွေမှာ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း တွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။


နေပြည်တော်အတွင်း ပုဂ္ဂလိကဆေးရုံ ၁၅ ရုံ၊ ဆေးခန်းပေါင်း ၂၀၅ ခန်း၊ ဓာတ်ခွဲ ဓာတ်မှန်အပါအဝင် ကျန်းမာရေးလုပ်ငန်း ၃၀ စုစုပေါင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ၂၅၀ တို့က ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီတွေဖွဲ့စည်းပြီး ကော်မတီအစည်းအဝေးတွေကို အပတ်စဉ် ပြုလုပ်လျက်ရှိပါတယ်။ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ အဆင့်ဆင့် သတင်းပေးပို့နိုင်ဖို့အတွက် သတင်းပေးပို့စနစ်တစ်ခု ထူထောင် ပြီး Emergency Operations Center (EOC) ကို ၂၄ နာရီ ဖွင့်လှစ်ထားရှိပါတယ်။ ဆက်သွယ် ဆောင်ရွက်နိုင်မယ့် ဖုန်းနံပါတ်တွေကို စီစဉ် ထားရှိပါတယ်။ ဟိုတယ်ဇုန်တွေမှာ သံသယလူနာ တည်းခိုမှုရှိရင် ဆက်သွယ်နိုင်ဖို့ EOC တယ်လီဖုန်းအပါအဝင် တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေကို ဖြန့်ဝေထားပါတယ်။


ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစီစဉ်ဆောင်ရွက်မှုအနေနဲ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဆိုက်ရောက်လေယာဉ်တွေက ခရီးသည်တွေကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန Surveillance Team အဖွဲ့တွေက ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။


သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနဲ့ ကျန်းမာရေးဝန်ထမ်းတွေက သူတို့မြို့နယ်တွေမှာရှိတဲ့ Hotel တွေမှာ တည်းခိုနေတဲ့ ဧည့်သည်တွေကို သံသယ လက္ခဏာတွေ ရှိ/မရှိ နေ့စဉ်စုံစမ်းထောက် လှမ်းတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။


ဗဟိုအဆင့်ဆေးရုံ လေးရုံ၊ မြို့နယ်အဆင့် ဆေးရုံ ကိုးရုံ၊ တိုက်နယ်ဆေးရုံ ခုနစ်ရုံနဲ့ ပုဂ္ဂလိကဆေးရုံ ၁၆ ရုံတို့ကို သံသယလူနာ လာရောက်ပြသခဲ့ခြင်း ရှိ/မရှိ နေ့စဉ်စုံစမ်း ထောက်လှမ်းပြီး သတင်းအချက်အလက် ရယူပေးပို့ တာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ Community Surveillance လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုမှုအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေမှာ ကိုဗစ်-၁၉ ဖြစ်ပွားရာ နိုင်ငံတွေက ပြန်လည်ရောက်ရှိလာသူတွေ ရှိ/မရှိ နေ့စဉ်စုံစမ်း ဆောင်ရွက်ပါတယ်။


ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် အလိုက် ကျန်းမာရေးအသိပညာပေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်ဖို့နဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအနေနဲ့ ကိုဗစ်- ၁၉ ကူးစက်ပြန့်ပွားမှု မရှိစေဖို့အတွက် ဌာန အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းပါဝင် လုပ်ဆောင်ဖို့ လိုက်နာဆောင်ရွက်ရမယ့် အမိန့်ကြေညာချက်ကို နေပြည်တော်ကောင်စီရဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက် ရက်စွဲပါ အမိန့်အမှတ် (၂၅/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။


မေး။ ။ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို သိရှိလိုပါတယ်။

 

ဖြေ။ ။ နေပြည်တော် ကောင်စီနယ်မြေက မြို့နယ် ရှစ်မြို့နယ်ဆိုပေမယ့် ကျေးရွာတွေ များပါတယ်။ နေပြည်တော်ရဲ့ အဓိကထွက်ကုန်က စိုက်ပျိုးရေးထွက်ကုန် ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကျေးလက်နေ ပြည်သူတွေအတွက် အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ မိုးရာသီက မိုးစပါးဧက ၁၇၁၉၆၉ ဧက စိုက်ပျိုး ခဲ့ပြီး ပျမ်းမျှတစ်ဧက အထွက်နှုန်း ၈၄ ဒသမ ၇၉ တင်း ထွက်ရှိခဲ့တဲ့အတွက် စုစုပေါင်းတင်း ပေါင်း ၁၄၅ သိန်းကျော် ထွက်ရှိပါတယ်။ နွေစပါးအနေနဲ့ ၂၀၄၄၃ ဧက လျာထားပြီး ၃၄၃၄ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။


ဒါ့ပြင် ပြောင်းသီးနှံ၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံနဲ့ အခြားသီးနှံစုစုပေါင်း ၃၄၀၀၄၆ ဧက ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေပြည်တော်အနေ နဲ့ ဒေသဝမ်းစာ ဆန်ဖူလုံမှုအနေနဲ့ ၁၀၀ ဒသမ ၃၁ ရာခိုင်နှုန်းရှိပြီး ဆီဖူလုံမှုက ၁၃၇ ဒသမ ၃၂ ရာခိုင်နှုန်းရှိပါတယ်။ နေပြည်တော်ဒေသရဲ့ ဒေသအတွင်းနေထိုင်သူ ပြည်သူလူထုနဲ့ ဆန်/ဆီထွက်ရှိမှုအချိုးကို တွက်ကြည့်တဲ့အခါ ဆန်ရော၊ ဆီရော ဖူလုံမှုရှိတဲ့ဒေသ ဖြစ်ပါတယ်။


မေး။ ။ ဆည်မြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုကို သိရှိလိုပါတယ်။

 

ဖြေ။ ။ လယ်ယာမြေ ဆည်မြောင်းကဏ္ဍ အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းပေါင်း ၁၄၈ ခုကို ငွေကျပ်သန်း ပေါင်း ၈၅၅၅ ဒသမ ၀၅၀ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။


ဒီလုပ်ငန်းတွေက ဆည်ရေသောက်စနစ် ပြုပြင်တည်ဆောက်တဲ့လုပ်ငန်း၊ သဲနုန်း တူးဖော်တဲ့လုပ်ငန်း၊ ကျောက်စီ မြောင်းတွေ ပြုလုပ်တဲ့လုပ်ငန်း၊ ရေနုတ်မြောင်းပေါ်မှာ Check Structure တည်ဆောက်တဲ့လုပ်ငန်း၊ တာပေါင် မြေဖို့တာနဲ့ ကျောက်လိုင်နင်ပြုပြင်တဲ့လုပ်ငန်း၊ Main Canal ကျောက်လိုင်နင် စီတဲ့လုပ်ငန်း၊ ကျောက်နံရံ တည်ဆောက်တဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်။


နိုင်ငံတော်ဘတ်ဂျက်အပြင် ကမ္ဘာ့ဘဏ် ချေးငွေ ADSP Batch I အရ ဆည်ရေသောက်စနစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ဆင်သေ လက်ဝဲမြောင်း ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်တဲ့လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၀၆၄ ဒသမ ၁၂၁ သန်းနဲ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။


စတုတ္ထ (၁) နှစ်တာကာလအတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၈၄ ဒသမ ၉၀၀ သန်းနဲ့ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်းပြီးစီးရင် ဆင်သေလက်ဝဲရေသောက် စနစ်မှာရှိတဲ့ စိစစ်ပြီး လက်ရှိဆည်ရေသောက် ဧရိယာ ၆၈၄၆ ဧကကို ရေဖူလုံစွာပေးဝေ နိုင်မယ့်အပြင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရှောက်ကုန်း၊ ကင်ပွန်းတန်းနှင့် ကျားသေအိုင် ကျေးရွာတို့မှာရှိတဲ့ လယ်မြေ ၉၁၅ ဧကတို့ကို စိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်မှာ ဖြစ်ပါတယ်။


ကမ္ဘာ့ဘဏ်ချေးငွေ ADSP Batch II ဒုတိယပိုင်းမှာ ငလိုက်တမံ ရေပိုလွှဲပြုပြင်ခြင်း လုပ်ငန်းနဲ့ ဆည်ရေသောက်စနစ် အဆင့်မြှင့် တင်ပြုပြင်တဲ့လုပ်ငန်းတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၅၀၀ ဒသမ ၀၀၀ သန်းနဲ့ စတင်ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းပြီးစီးရင် ငလိုက် ဆည်ရေသောက်စနစ်ရှိ လယ်မြေဧက ၁၇၇၈၄ ဧကကို ရေဖူလုံစွာပေးဝေနိုင်မှာ ဖြစ်ပါတယ်။


ဒါ့ပြင် IFAD ချေးငွေနဲ့ စနစ်တကျ လယ်ယာမြေဖော်ထုတ်တဲ့လုပ်ငန်းကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေကျပ် ၃၀၆၀ ဒသမ ၁၀၀ သန်းနဲ့ လယ်ယာမြေ ၅၉၈ ဒသမ ၃၈ ဧက ဖော်ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။

 

မေး။ ။ မွေးမြူရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်နေမှုတွေကို သိပါရစေရှင့်။

 

ဖြေ။ ။ ပြည်ထောင်စုနယ်မြေက ကျေးလက်တောရွာအခြေပြုတဲ့ ဒေသကြီးဖြစ်တဲ့အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်နေပါတယ်။ ပထမအဆင့်အနေနဲ့ မြစိမ်းရောင်စီမံချက်ဖြစ်တဲ့ သားငါး ထုတ်လုပ်ရေး ကဏ္ဍမှာ ပျဉ်းမနားမြို့နယ် ဝဲကြီးကျေးရွာမှာ ဒေသနွားမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်ဖို့ ငွေကျပ်သန်းပေါင်း ၃၀ ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ထောက်ပံ့ကြေးအပြင် မွေးမြူရေးနဲ့ပတ်သက်တဲ့ နည်းပညာအဆင့်မြှင့်ဖို့ ကျေးလက် ပြည်သူတွေကို အခြေခံမွေးမြူရေးပညာပေး ဟောပြောပွဲတွေ ကျင်းပပေးပါတယ်။ ဟောပြောပွဲ အကြိမ် ပေါင်း ၅၉ ကြိမ်၊ ကျွဲ/နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ပညာပေးဟောပြောပွဲ ၆၁ ကြိမ်၊ ဝက်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဟောပြောပွဲ ၂၂ ကြိမ်၊ ကြက်မွေး မြူရေးပညာပေးဟောပြောပွဲ ၁၄ ကြိမ်၊ ကောင်းမွန်စွာ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ကျင့်စဉ် (Good Animal Husbandary Pra-ctices, GAHP) သင်တန်းနဲ့ တိရစ္ဆာန်ကျန်းမာ ရေးလုပ်သားဆိုင်ရာ (Community Animal Health Worker, CAHW) သင်တန်း (၃) ကြိမ် တို့ကို ပညာပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ မေထုံမဲ့သားစပ်လုပ်ငန်း ဆောင်ရွက်မှုအနေနဲ့ နွားမကောင်ရေ ၃၅၆၃ ကောင်ကို အသားစပ် ပေးနိုင်ခဲ့ပြီး နွားမကောင်ရေ ၁၅၈၇ ကောင် ဇီးရရှိခဲ့ကာ သားပေါက်ကောင်ရေ ၁၄၉၃ ကောင် ရရှိခဲ့ပါတယ်။


မေး။ ။ လျှပ်စစ်မီးလင်းရေးကဏ္ဍ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ထားရှိမှုကို သိပါရစေ။

ဖြေ။ ။ နေပြည်တော်ရဲ့ ဒေသပတ်လည်မှာ လျှပ်စစ်ထောက်ပံ့ရေးမှာ အခြေခံကျပြီး သန့်ရှင်းတဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးအတွက် အဓိကကျတဲ့ဆည်ကြီး နှစ်ခုက လျှပ်စစ်ဓာတ်အား ထောက်ပံ့နေပါတယ်။


နေပြည်တော်မှာရှိတဲ့ မြို့နယ် ရှစ်ခုမှာ ဇမ္ဗူသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တို့ဟာ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ် မီးရရှိပြီးဖြစ်တဲ့အပြင် နေပြည်တော်မှာ ကျေးရွာပေါင်း ၇၉၆ ရွာရှိတဲ့အနက် လက်ရှိမီးလင်းပြီးကျေးရွာ ၅၈၀ ရှိပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ နေပြည်တော်ကောင်စီဘတ်ဂျက်နဲ့ ရွာပေါင်း ၇၇ ရွာ၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းနဲ့ ရွာပေါင်း ၂၀ စုစုပေါင်း ၉၇ ရွာ ဓာတ်အားရရှိမှာ ဖြစ်ပါတယ်။


လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနဲ့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ၁၁ ကေဗွီ ဓာတ်အား လိုင်း ၃၀ ဒသမ ၇၈ မိုင်နဲ့ ၄၀၀ ဗို့ ဓာတ်အား လိုင်း ၂၆ ဒသမ ၂၅ မိုင်ကို Open Wire မှ Insulated Cable နဲ့ လဲလှယ်တာတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


မေး။ ။ သောက်သုံးရေဖူလုံဖို့ ဆောင်ရွက်ထားရှိမှုကို သိလိုပါတယ်။

 

ဖြေ။ ။ နေပြည်တော်မှာ လူဦးရေတစ်သန်းကျော် ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်း လေးသိန်းဝန်းကျင် ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်း အိမ်ရာတွေအတွက် နေပြည်တော်စည်ပင်က တာဝန်ယူပြီး သောက်သုံးရေထောက်ပံ့ပေးနေပါတယ်။ နေပြည်တော် ရှစ်မြို့နယ်မှာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းပေါင်း ၁၁၅ ခုကို ငွေကျပ်သန်းပေါင်း ၁၉၇၀ ဒသမ ၀၃၈ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
မြို့နယ် ရှစ်မြို့နယ်ရှိ ကျေးရွာပေါင်း ၄၇ ရွာမှာ စက်ရေတွင်း ၄၂ တွင်း၊ မြစ်ရေတင် နှစ်ခုနဲ့ စိမ့်စမ်းရေ တစ်ခုတို့ကို တူးဖော်ပေး လျက်ရှိပါတယ်။ ပိုက်လိုင်းတွေကတစ်ဆင့် သိုလှောင်ဖြန့်ဝေပေးနိုင်ဖို့အတွက် ရေသို လှောင်ကန် ၂၉ ကန်၊ ကွန်ကရစ်ရေစင် ၁၈ ခု တည်ဆောက်လျက်ရှိပါတယ်။ လုပ်ငန်းတွေ ပြီးစီးရင် သောက်သုံးရေ ဖူလုံလာမှာဖြစ်ပါ တယ်။


ဒါ့ပြင် နိုင်ငံတော်ထောက်ပံ့ငွေ၊ Unicef ပူးပေါင်းရန်ပုံငွေတွေနဲ့ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နဲ့ တပ်ကုန်းမြို့နယ်တို့မှာ စက်ရေတွင်းနှစ်တွင်း တူးဖော်ခြင်း၊ ရေသိုလှောင်ကန် တစ်ကန်နဲ့ ကွန်ကရစ်ရေစင် နှစ်ခု တည်ဆောက်ခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော် ကောင်စီရန်ပုံငွေနဲ့ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်နဲ့ ဥတ္တရသီရိမြို့နယ်တွေမှာ စက်ရေတွင်း ၂၂ တွင်း၊ မြစ်ရေတင် နှစ်ခုနဲ့ စိမ့်စမ်းရေ ၁၃ ခုတို့ကို တူးဖော်ဆောင်ရွက် လျက်ရှိပြီး သိုလှောင်ဖြန့်ဝေပေးနိုင်ဖို့အတွက် ရေသိုလှောင်ကန် ၁၄ ကန်နဲ့ ကွန်ကရစ်ရေစင် ၁၃ ခုတို့ကို ဆောင်ရွက်လျက်ရှိတဲ့အတွက် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်။


မေး။ ။ လူမှုစီးပွားကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိအောင် ဘယ်လိုတွေ ဆောင်ရွက်ထားပါသလဲ။

 

ဖြေ။ ။ နိုင်ငံတော်က ခွဲဝေချထားပေးတဲ့ ဘဏ္ဍာငွေထဲမှာ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သီးသန့်ဖွံ့ဖြိုးရေးအနေနဲ့ လုပ်ငန်းပေါင်း ၁၇၂ ခုကို ငွေကျပ် သန်းပေါင်း ၁၁၉၀၆ ဒသမ ၅၉၉ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

 

နေပြည်တော်က မြို့နယ်တွေမှာရှိတဲ့ မြစ်/ ချောင်းတွေ မိုးရာသီရောက်တဲ့အခါမှာ ရေတိုက်စားမှုနဲ့ ရေကြီး ရေလျှံမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဥတ္တရသီရိမြို့နယ် တွေမှာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတွေ၊ သောင်တူးဖော်တဲ့လုပ်ငန်းတွေနဲ့ ချောင်းပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်း တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ဒါ့ပြင် အထူးကိစ္စတစ်ရပ်အနေနဲ့ ပြည်ထောင်စုအစိုးရက နေပြည်တော်အတွင်း မှာရှိတဲ့ ဝန်ကြီးဌာနအသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ နေထိုင်မှု အဆင်ပြေစေဖို့အတွက် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ နေပြည်တော် ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ဘီလီယံ ၅၀ နဲ့ အရာထမ်း၊ အမှုထမ်းအိမ်ရာ တွေ၊ အပျိုဆောင်၊ လူပျိုဆောင်တွေ တည်ဆောက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ လုပ်ငန်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီး မကြာမီ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။


စတုတ္ထ (၁) နှစ်တာကာလအတွင်း ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ဘီလီယံ ၄၀ နဲ့ အရာထမ်း၊ အမှုထမ်းအိမ်ရာတွေ၊ လူပျို ဆောင်၊ အပျိုဆောင်တွေ၊ စုစုပေါင်း အိမ်ရာ ၆၀ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းအားလုံးပြီးစီးရင် နေပြည်တော် အတွင်းမှာရှိတဲ့ ဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။


မေး။ ။ ပြည်ထောင်စုနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာဖို့ ဘယ်လိုအစီအစဉ်တွေ ချမှတ်လုပ်ဆောင်နေတယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။

 

ဖြေ။ ။ နေပြည်တော်ကောင်စီနယ်မြေက နိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်း မူဝါဒမှာ အချက်တစ်ချက်အနေနဲ့ ထည့်ထားတာက တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး ဖြစ်ပါတယ်။ အဲဒါတွေကို ဖော်ဆောင်ရာမှာ မူးယစ်ဆေးဝါးကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ချမှတ်ထားပါတယ်။


နေပြည်တော်မှာထွက်ရှိတာ မဟုတ်ပေမယ့် နေပြည်တော်က မူးယစ်ဆေးဝါး ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက် အထူးဂရုပြုပြီး စီမံချက်အနေနဲ့ ဖမ်းဆီးပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတဲ့ ဆေးဝါးတွေ ဖမ်းဆီးရမိမှုက ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်အထိ အမှုပေါင်း ၇၈ မှုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၁၃၁ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ဘိန်းဖြူ ၅၇ ဒသမ ၇၉ ဂရမ်၊ ဘိန်းမဲ ၂၈ ဒသမ ၁၁ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၈၇၉ ပြား၊ ဆေးခြောက် ၂၂၄ ဒသမ ၉ ဂရမ်၊ ICE ၀ ဒသမ ၄ ဂရမ်၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် လီတာ ၉၉၀၀ စုစုပေါင်းငွေကျပ် တန်ဖိုး ၁၂၅၆၇၄၂၉၀ ဖြစ်ပါတယ်။


ထိုနည်းတူစွာ နေပြည်တော်နယ်မြေထဲမှာ ထူးထူးခြားခြား ဖမ်းဆီးရမိတာ တစ်ခုက လက်နက်ခဲယမ်းနဲ့ ပေါက်ကွဲစေ နိုင်တဲ့ပစ္စည်းတွေ ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုနှစ်ခုကနေ တရားခံ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး သုံးဦး ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး သိမ်းဆည်းရမိပစ္စည်း ဒီတို နီတာအချောင်း ၅၀၀၊ ပေါက်ကွဲစေတတ်တဲ့ နိုက်ထရိတ် ရာခိုင်နှုန်း ၄၀ အထက်ပါဝင်တဲ့ ဓာတ်မြေသြဇာ ၂၂ အိတ်နဲ့ ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ခုနစ်မျိုး ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။


နေပြည်တော်နယ်မြေမှာ တရားဥပဒေ စိုးမိုးဖို့အတွက် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်တွေကို စီမံချက်အနေနဲ့ စစ်ဆေးဖမ်းဆီးနေပါတယ်။ စတုတ္ထ(၁)နှစ် တာကာလအတွင်း အမှုပေါင်း ၉၄ မှု ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး မော်တော်ယာဉ် ၆၈ စီးနဲ့ မော်တော်ဆိုင်ကယ် ၁၄ စီး ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်။


သစ်ဖမ်းဆီးရမိမှုအနေနဲ့ တရားမဝင်သစ် ၄၃ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး သစ်မျိုးစုံ တန်ပေါင်း ၅၂၉ ဒသမ ၉၆၃၂ တန် စုစုပေါင်း ငွေကျပ်သိန်း ၁၇၀ ကျော်ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါတယ်။


နေပြည်တော်အတွင်း မှုခင်းဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် နေပြည်တော် တစ်ခွင်မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းတွေမဖြစ်ပွားရေး၊ ဖြစ်ပွားတဲ့မှုခင်းတွေ ဖော်ထုတ်နိုင်ရေးအတွက် CCTV အလုံး ၄၇၀ နဲ့ ၂၄ နာရီ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိပါတယ်။


ဒါ့ပြင် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီရဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း Safe City ရဲ့ အစိတ် အပိုင်းအဖြစ် မြို့နယ် ရှစ်မြို့နယ်တွင် အဝင်/အထွက် ဂိတ်တွေ၊ အရေးကြီးနေရာတွေမှာ CCTV ကင်မရာတွေ တိုးချဲ့တပ်ဆင်မှာ ဖြစ်ပါ တယ်။


နေပြည်တော်ကောင်စီနယ်မြေအတွင်း မှာ မှုခင်းကျဆင်းရေးအတွက် e-Government Network ၊ e-Lte Network တွေနဲ့ Command and Control Center တည်ဆောက်တာတွေ အတွက် ငွေကျပ် ၄၄၅၄ ဒသမ ၂၆၈ သန်း ကို ရန်ပုံငွေရရှိခဲ့ပြီး လုပ်ငန်းစတင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။


ဒီလုပ်ငန်းတွေပြီးစီးရင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးတို့ကို ပိုမိုထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် နေပြည်တော်ကောင်စီ နယ်မြေ လုံခြုံအေးချမ်းသာယာရေးကို ပိုမိုဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။


မေး။ ။ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ အစီအစဉ်တွေကို ပြောပြပေးပါဦးရှင်။

 

ဖြေ။ ။ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး နေပြည်တော်မှာရှိပြီးသား နယ်မြေတွေအပြင် သဘာဝသယံဇာတအရင်းအမြစ် တွေရဲ့ ဦးဆောင်မှုနဲ့အတူ ငလိုက်ဆင်စခန်း တစ်ခုကို ပြီးခဲ့တဲ့နှစ်က စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။  လာရောက်လည်ပတ်သူ တစ်ရက်ကို ၂၀၀ ဝန်းကျင် လောက်ရှိပါတယ်။ အခြားနယ်မြေက ဆင်စခန်းတွေလို ဆင်စီး လို့ရမယ်၊ ဆင်တွေရဲ့ သဘာဝတရားနဲ့ ကျွေးမွေးစောင့်ရှောက်ပုံတွေကို ကြည့်ရှုလေ့လာလို့ရပါတယ်။


ထိုနည်းတူစွာ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ကွပ်ကဲမှုအောက်မှာရှိတဲ့ ရေပူစမ်းက အခု ပြည်တွင်း ခရီးသွားတွေပဲ လာကြတာဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်ဖို့ဆိုရင် နိုင်ငံတကာ အဆင့်မီတဲ့ ရေပူစမ်းတည်ဆောက်ဖို့ လိုပါတယ်။ ဒါကို စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို လာရောက်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ထား ပါတယ်။ ဒါကို PPP စနစ်နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။


နေပြည်တော်ကတစ်ဆင့်သွားရတဲ့ စခန်းက ပေါင်းလောင်းမှာရှိတဲ့ နန့်မွန်ကြီး ရေတံခွန်သဘာဝအခြေခံ ခရီးသွားနေရာ အသစ်တစ်ခုဖြစ်ပြီး ယခုနောက်ပိုင်း လူသိ များလာပါတယ်။ ပြီးခဲ့တဲ့နှစ်က ခရီးသွား ဧည့်သည် ၄၀၀၀ နဲ့ ၅၀၀၀ လောက် လာရောက် လည်ပတ်ကြပါတယ်။ နန့်မွန်ကြီးဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင်သွားရောက်ပြီး ခရီးသွားလုပ်ငန်း ဖြစ်နိုင်ခြေကို စစ်ဆေးကြည့်ရှုပြီးဖြစ်ပါတယ်။


မေး။ ။ နေပြည်တော်ကို ပညာရေးရဲ့ ဗဟိုဌာန Smart City အဖြစ် ပုံဖော် နေတာနဲ့ပတ်သက်ပြီး ပြောကြားပေးစေလို ပါတယ်။

 

ဖြေ။ ။ နေပြည်တော်ကို မူဝါဒချမှတ်ထားတာက နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အသိအမှတ်ပြုထားတဲ့ အချက် တစ်ချက်က အနာဂတ်နေပြည်တော်ကို ပညာရေးဆိုင်ရာ ဗဟိုဌာနအဖြစ် ဖော်ဆောင်ဖို့ ရည်မှန်းချက်ထားရှိပါတယ်။ ဒါကြောင့် နှစ်စဉ်အလိုက် နိုင်ငံတကာ ပညာရေးအဖွဲ့ အစည်းတွေကို ဖိတ်ခေါ်ပါတယ်။ ပြီးခဲ့နှစ်က ထူးခြားချက်အနေနဲ့ ကိုရီးယားနိုင်ငံက နိုင်ငံတကာ ဘက်စုံပညာရေးမြှင့်တင်မှုအနေနဲ့ မြေကို ပညာရေးဝန်ကြီးဌာန ကတစ်ဆင့် မြေဧက ၁၀၀ ကျော် သတ်မှတ်ပေးပြီး ဖြစ်ပါတယ်။


ထိုနည်းတူစွာပဲ ရန်ကုန်မှာရှိတဲ့ ICT Park ကို နေပြည်တော် ဖိတ်ခေါ်တဲ့အခါ ICT Park တစ်ခုလာရောက် တည်ထောင်ဖို့ ပဏာမအနေနဲ့ သဘောတူညီချက်ရထားပြီး ဖြစ်သလို မြေဧက ၁၀၀ ချမှတ်ပေးပြီး ဖြစ်ပါတယ်။


မေး။ ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာ တောင်သူတွေနဲ့ ကျပန်းအလုပ်သမားတွေအတွက် ဖော်ဆောင်ပေးတဲ့ အစီအစဉ်တွေရှိရင်လည်း သိရှိလိုပါတယ်။

 

ဖြေ။ ။ စိုက်ပျိုးရေးကဏ္ဍမှာ အဆင့်မြင့်လယ်ယာဖော်ဆောင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ချမှတ်ထားတာ ရှိပါတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း (EXIM Bank) က အခြေခံသမဝါယမအသင်း ၂၈၆ သင်းက တောင်သူ အသင်းသားပေါင်း ၃၀၄၀၈ ဦးကို စိုက်ပျိုး စရိတ်ချေးငွေကို အတိုးနှုန်း သက်သာစွာနဲ့ အသုံးပြုနိုင်ဖို့အတွက် သူတို့ရဲ့ စုဆောင်းငွေနဲ့ China EXIM Bank ရဲ့ ပံ့ပိုး ချေးငွေအပါအဝင် ချေးငွေတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၅၁၉၉ ဒသမ ၁၀၂ သန်း ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။


အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း (သက်တံရောင်)အစီအစဉ်နဲ့ အခြေခံသမဝါယမ အသင်း ၂၂၆ သင်းက အသင်းသား လက်လုပ် လက်စားကျပန်း အလုပ်သမား ၉၃၉၅ ဦးကို ထုတ်ချေးငွေကျပ်သန်းပေါင်း ၅၅၉၆ ဒသမ ၃၄၄ သန်း ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။


လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းကို ဖွဲ့စည်းပြီး လယ်ယာမြေ ၅၄၁ ဒသမ ၆၃ ဧက ထွန်ယက်ပေးခြင်း၊ အသင်းသား ၂၇၀ ရဲ့ လယ်မြေ ၆၇၅ ဒသမ ၁၅ ဧကကို စပါးရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းပေးခြင်းတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။


မေး။ ။ အခြားဆောင်ရွက်ချက်တွေ ရှိရင်လည်း သိရှိလိုပါတယ်။

 

ဖြေ။ ။ နေပြည်တော်အတွင်းက မြို့နယ် ရှစ်မြို့နယ်မှာရှိတဲ့ သက်ကြီးဘိုးဘွားတွေကို ထောက်ပံ့ပေးမှုအနေနဲ့ အမျိုးသား ၁၃၄၆ ဦးနဲ့ အမျိုးသမီး ၂၉၆၂ ဦးကို ၃ လလျှင် တစ်ဦးကို ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါ့ပြင် မသန်စွမ်းသူ ၁၁၈ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


နေပြည်တော်နယ်မြေ အတွင်းမှာ လေဘေး၊ ရေဘေး၊ မီးဘေး၊ ကမ်းပြိုဘေးနဲ့ မိုးကြိုးဘေးစတဲ့ သဘာဝဘေး ဖြစ်ပွားမှုအနေ နဲ့ စုစုပေါင်းအကြိမ် ၁၄၀ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁၇၁၆ စု၊ လူဦးရေ ၇၁၆၁ ဦး အတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်း ၉၇ ဒသမ ၄၉၆ သန်းကို ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။


အလားတူ သဘာဝဘေး အသိပညာပေး ဟောပြောပွဲ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း တွေနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းတွေကို ၁၈၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသား ၃၉၀၇၆ ဦး တက်ရောက်ခဲ့ပါတယ်။


ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုငွေ ကျပ်သန်း ၂၀၄၀ ဒသမ ၇၀၀ နဲ့ စုစုပေါင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။


မေး။ ။ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို သိရှိလိုပါတယ်။

 

ဖြေ။ ။ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနက ဇမ္ဗူသီရိမြို့နယ် မြို့မဈေးအတွင်း မသန်စွမ်း ပုဂ္ဂိုလ်တွေ (Physical and Visual Disabilities) အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် Wheel Chair Path Way, Steel Hand Rail, Wheel Chair Stand, Toilet နဲ့ မျက်မမြင်တွေအသုံးပြုဖို့ အမှတ်အသားပါ လျှောက်လမ်းတွေ၊ စတီးလက်ရန်းတွေနဲ့ ဆိုင်းဘုတ်တွေကို အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ငွေကျပ်သန်း ၁၈၃ ဒသမ ၂၉၀ နဲ့ အင်ဂျင်နီယာဌာန(အဆောက်အအုံ)က ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်ကနေ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ လုပ်ငန်းတွေပြီးစီးမှာ ဖြစ်ပါတယ်။


ထို့အတူ အင်ဂျင်နီယာဌာန(လမ်းတံတား)အနေနဲ့ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သီရိ (၅) မြို့နယ်နဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့တို့မှာ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေနဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေတို့နဲ့ ကွန်ကရစ်လမ်းပေါင်း ၄၅ လမ်း စုစုပေါင်း ပေအရှည် ၃၈၉၀၂ ကို ရန်ပုံငွေကျပ် ၁၄၇၅ ဒသမ ၈၂၉ သန်းနဲ့ ဆောင်ရွက်ခဲ့ပါတယ်။


ကတ္တရာလမ်းပေါင်း ရှစ်လမ်း စုစုပေါင်း ပေအရှည် ၈၈၉၀ ကို ရန်ပုံငွေကျပ် ၁၄၂ ဒသမ ၉၂၈ သန်းနဲ့ ဆောင်ရွက်ခဲ့သလို ရိစာလမ်းပေါင်း ၅ လမ်း စုစုပေါင်းပေအရှည် ၆၄၄၀ ကို ရန်ပုံငွေကျပ် ၄၀ ဒသမ ၄၅ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ Box Culvert ၆၁ စင်းကို ရန်ပုံငွေကျပ် ၃၉၃ ဒသမ ၃၆၁ သန်း၊ အုတ်စီရေမြောင်း ပေ ၄၀၈၀ ကို ငွေကျပ် ၂၁၃ ဒသမ ၅၁၅ သန်း နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် စုစုပေါင်းရန်ပုံငွေ ၂၂၆၆ ဒသမ ၀၈၃ သန်း သုံးစွဲဆောင်ရွက်လျက် ရှိပါတယ်။


နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအတွက် အိမ်ခန်း ၃၀၀၀ တည်ဆောက်မယ့် စီမံကိန်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးနဲ့ ဝဏ္ဏသိဒ္ဓိ အဆင့်မြင့် အားကစားကွင်း တို့အကြားမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်း အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရကန် ထရိုက်တာများ အသင်းချုပ်တို့နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။


ဒါ့ပြင် ဥတ္တရသီရိမြို့နယ်မှာ တိုးတက်လျက်ရှိတဲ့ လူဦးရေနဲ့အညီ ဥတ္တရသီရိမြို့နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေသို့ သန့်စင် ပြီး ရေလုံလောက်စွာ ပေးဝေနိုင်ဖို့အတွက် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနအနေနဲ့ ချောင်းမကြီး ဆည်မှ ဥတ္တရသီရိ သဲရေစစ်ကန်ကို ရေတွန်းပို့တဲ့ မော်တာပန့်တွေ တပ်ဆင်ခြင်းနဲ့ လျှပ်စစ်မီးသွယ်တန်းခြင်း အတွက် စုစုပေါင်းငွေကျပ်သန်း ၁၅၅ ဒသမ ၉၄၉ သန်းနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။


ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အနေနဲ့ နေပြည်တော်စိမ်းလန်းစိုပြည်ရေးနဲ့ သာယာလှပရေးအတွက် နေပြည်တော် ဧရိယာ အတွင်းမှာရှိတဲ့ လမ်းလယ်ကျွန်းတွေ၊ လမ်း ဘေးဝဲ/ယာတွေ၊ အဝိုင်းတွေမှာ နှစ်ရှည်/နှစ်တို ပန်းအလှပင်တွေ၊ အရိပ်ရပင်တွေ၊ ရာသီပန်းတွေ စိုက်ပျိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ စိုက်ပျိုးပြီး အပင်တွေ ရာသီအလိုက်ဖူးပွင့်ဝေဆာပြီး အစဉ်စိမ်းလန်းစိုပြည်နေစေဖို့ ပုံမှန်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို ဆောင် ရွက်လျက်ရှိပါတယ်။


မြန်မာ့နိုင်ငံရေးသမိုင်းမှာ မော်ကွန်းထိုးထားရမယ့် ကြီးကျယ်ခမ်းနားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက် တွေကို စံပြုနိုင်ကြစေဖို့အတွက် နေပြည်တော် သပြေကုန်းအဝိုင်းပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင်တည်ဆောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


စတုတ္ထ (၁) နှစ်တာ ကာလအတွင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာရေးနဲ့ သန့်ရှင်းသပ်ရပ်၊ သာယာလှပ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။


ဒါ့ပြင် ပြည်ထောင်စုနယ်မြေဖြစ်တဲ့ တပ်ကုန်းမြို့နယ်မှာ တစ်မြို့နယ်လုံး စိမ်းလန်းစိုပြည်ရေးနဲ့ အမှိုက်ကင်းစင်ရေး အတွက် One State One Township Project အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်အဖြစ် ရှားတောကျေးရွာ၊ ရေအေးကျေးရွာ၊ မန်ကျည်းပင်ကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာ၊ တဲမြင့်ကျေးရွာနဲ့ အောင်မြေရိပ်သာ ကျေးရွာစတဲ့ ကျေးရွာခြောက်ရွာမှာ ပျိုးဥယျာဉ်ခြံတွေ တည်ဆောက် ထားရှိပါတယ်။


ပျိုးပင်တွေ ပျိုးထောင်နိုင်ဖို့အတွက် ပျိုးအိတ်တွေ ပြုလုပ်ထည့်သွင်းတာ၊ လှုံ့ဆော်ရေးပိုစတာတွေကို အများပြည်သူ သိရှိနိုင်မယ့် လူစည်ကားရာနေရာတွေဖြစ်တဲ့ မိုဃ်းကောင်း ဘုရားရှေ့၊ မြို့မရဲစခန်းရှေ့နဲ့ နီလာရိုးမ လမ်းစုံရှေ့တို့မှာ စိုက်ထူတာတွေ ဆောင်ရွက်ထားရှိပါတယ်။ အမှိုက်ကင်းစင်ရေးလုပ်ငန်းစဉ်အဖြစ် ရပ်ကွက်/ ကျေးရွာအုပ်စုတွေမှာ စွန့်ပစ်အမှိုက်တွေကို စုပေါင်းအမှိုက်ကောက်တာ၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်းမှာရှိတဲ့ အမှိုက် ရှင်းလင်းတာတွေကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ One State One Township Project အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


မေး။ ။ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောကြားပေးစေလိုပါ တယ်။

 

ဖြေ။ ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှုရေးဆိုင်ရာ လိုအပ်ချက်တွေ၊ လူမှုဘဝ အခက်အခဲတွေကို အစိုးရနဲ့ အလှူရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကူညီဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အစိုးရ ရုံးလုပ်ငန်းအချို့ကို ရပ်ကွက်/ကျေးရွာတွေအထိ သွားရောက်ဆောင်ရွက်ပေးတာကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။


နေပြည်တော်ကောင်စီအနေနဲ့ တာဝန်ယူရတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်း မြင့်မားရေးတို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်နေပါတယ်။ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်း၊ တံတားတွေအပြင် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။    ။