နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ရာတွင် ပြေားကြားသည့် အမှာစကား

နေပြည်တော် ၊ ၁၇ မေ

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မန္တလေးမြို့တော် သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက စတင်ပြောင်းလဲလာခဲ့ပြီး အဘက် ဘက်မှ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကိုတွေ့ရှိရကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပ ရေး အတွက် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ၏ ပါဝင်မှုသည် အဓိက အရေးကြီးပြီး ပြည်သူများက တစ်ဦးချင်း ကိုယ်စီအသိဖြင့် ပါဝင်ပါက မြို့တော်သည် သန့်ရှင်းသာယာနေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ရေထုတ်စနစ် အလွန်အားနည်းခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး အမြန်ဆုံးအဖြေရှာပြုပြင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေ၏ ထုထည်၊ စီးဝင်မှုနှင့် ရေစီးကြောင်းတစ်လျှောက် ရေမြောင်း အကျယ်ပမာဏတို့ကို စနစ်တကျတွက်ချက်ရန်လိုကြောင်း၊ ရေ၏ ထုထည်ကြီး မားသည်နှင့်အမျှ ၎င်းရေထုကို လွယ်ကူစွာ စီးဆင်းစေနိုင်ရေးအတွက် ရေမြောင်းများ ဖောက်လုပ် ရာတွင် အကျဉ်းမှ အကျယ်သို့ တဖြည်းဖြည်းချင်း ကူးပြောင်းဖောက်လုပ်နိုင်ရေး တွက်ချက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

ရေပေးဝေရေးအတွက် မြေအောက်ရေ ‌ပေးဝေရေးနှင့် ပတ်သက်၍ မြေ အောက်ရေကို အတတ်နိုင်ဆုံး ထုတ်ယူမသုံးစွဲစေလိုဘဲ ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် တို့မှ မြစ်ရေကို တင်ယူကာ သုံးစွဲနိုင်ရေး လုပ်ဆောင်ကြစေလို ကြောင်း၊ မြစ်ရေတင်စီမံကိန်းများလုပ်ဆောင်ရာတွင် လိုအပ်မည့် လျှပ်စစ်ဓာတ် အားများကို ဆိုလာစနစ်ဖြင့် သုံးစွဲနိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ မန္တလေးတိုင်းဒေသကြီး၏ ဆန်ဖူလုံမှုသည် ၆၈ ရာခိုင်နှုန်း ခန့်သာရှိသည့် အတွက် ပြင်ပမှ ဆန်များကို ဝယ်ယူစားသုံးနေရသည်ဟု သိရှိရကြောင်း၊ ဝယ်ယူ စားသုံးနေရသည့် ဆန် ၄၀ ရာခိုင်နှုန်းခန့်ကို ဖူလုံမှုရှိစေရေးအတွက် ၁ ဧက အထွက်နှုန်းတိုးစေရေးနှင့် နွေစပါး ရရှိအောင် စိုက်ပျိုးရမည်ဖြစ်ပြီး မြစ်ရေတင် စီမံကိန်းများမှတစ်ဆင့် ဒေသ၏ လိုအပ်သည့် သုံးရေနှင့် စိုက်ပျိုးရေများကို ပေးဝေနိုင်ပါက ဒေသတိုးတက်မှုနှင့် လူနေမှုဘဝကို ပိုမိုအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊

ထို့ပြင် လက်ရှိ မြို့တွင်းလမ်းများ ချဲ့ထွင်ရာ၌  ဆိုင်ကယ်မောင်းနှင်ရန် လမ်းကြောင်းကို ထည့်သွင်းစဉ်းစားပြီး ပလက်ဖောင်းနှင့် မျဉ်းဝါအကြားတွင် ဆိုင်ကယ်လမ်းကြောင်းသတ်မှတ်ထည့်သွင်းရန်လိုကြောင်း၊ အထွက်နှုန်း တိုးပွားအောင် စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးပါက မြေဧကအတွက် အကုန်အကျများ မည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည်ဖြစ် ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျင် ဒေသတွင်း ငွေကြေး ကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝ ချမ်းသာလာစေ နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးဖူလုံရန်၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရန်၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်ကောင်းမွန်သည့်  လူသားအရင်းအမြစ်ကောင်းတို့ရှိရန် လိုအပ် ကြောင်း၊ လူသားအရင်းအမြစ်ကောင်းရရှိရန်အတွက် ကျန်းမာရေး၊ ပညာရေး တို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် အလွန်အရေးကြီးသည့် ပညာတတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး ပညာရေးကို အားပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်အထက် လုံးဝ ကျောင်းမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့ကြောင့် လုံးဝ စာသင်ကြားဖူးခြင်းမရှိသူများကို အ သုံးလုံး ပညာသင်ကြားပေးနိုင်ရေး၊ စာမတတ် မြောက်သူ ပပျောက်ရေး စီမံချက်များရေးဆွဲ၍ ပညာရေးပြဿနာကို အဖြေရှာ ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး မသမာသူလူအုပ်စု အချို့ကို ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်မှု မရှိအောင် နည်းမျိုးစုံဖြင့်နှောင့်ယှက် နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်သည် သဘာဝ ဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အသိဉာဏ် ခေါင်းပါးသည့် လူတချို့က နိုင်ငံတော်၏ မျက်နှာကို မကြည့်ဘဲ လုပ်ဆောင်မှုများကြောင့် နစ်နာပျက်စီး နေရသည်ကို ဝိုင်းဝန်းဖြေရှင်းကြရ မည်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးတွင် ပညာရေးဝန်ထမ်းများဖြင့်သာမက အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်း ပါဝင်မှသာလျင် စိတ်အေးချမ်းသာ စွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးတွင် နောက်ကျကျန်နေခဲ့ပါက ရေရှည်တွင် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများစွာရှိနိုင်ကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာပေပညာ သင်ကြားပေးရန် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီ စနစ်တွင် မိမိဆန္ဒနှင့် မကိုက်ညီ သည်များရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ အလုပ်တာဝန် နှင့် မိမိတို့၏ ခံစားချက်များကို ခွဲခြားသိမြင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် အစိုးရကို ဆန့်ကျင်သည် များရှိသော်လည်း နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊  ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ထိခိုက်အောင် မလုပ်ဆောင်ကြကြောင်းနှင့် မိမိတို့နိုင်ငံ၌ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများကို မီးရှို့ခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်မှု အဆောက်အဦ များကို ဗုံးခွဲဖျက်ဆီးခြင်းများ၊ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင် နေကြရပြီး နိုင်ငံတော်၏ မျက်နှာကို မကြည့်ဘဲ လုပ်ဆောင်နေခြင်းများဖြစ်သဖြင့် စိုးရိမ်ပူပန်နေကြရကြောင်း။

မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ် တို့ကို ရေရှည်စီမံကိန်းဖြင့် တိုးချဲ့လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုး တို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုး ရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးတွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေးစနစ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးမှုမရှိခြင်းနှင့် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာမှုအခြေအနေများကြောင့် ယာယီသမ္မတ၏ တာဝန်လွှဲအပ်မှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်း တာဝန်ယူခဲ့ရကြောင်း၊ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ နိုင်ငံ တော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ခေတ္တတာဝန်ယူထိန်းသိမ်းနေခြင်းသာ ဖြစ်ပြီး တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အားကစား ကဏ္ဍအဆင့်မြှင့်တင်ရေးအတွက်လည်း ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ် ပြီး အားကစားအောင်မြင်မှုများမှ တဆင့် အမျိုးသားရေးစိတ်ဓာတ် ခိုင်မာ မြင့်မာရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး ၊ပြည်နယ်နှင့် မြို့နယ်အလိုက် မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများ တည်ဆောက်သွားနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတွေ့ဆုံပွဲအပြီး၌ လည်း မန္တလေးမြို့ရှိ အားကစားရုံ၊ ကွင်း များအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် အားလုံး ပါဝင်ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဒေသတွင်းအုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိဒေသကို၊ မိမိ တိုင်းပြည်ကို တိုးတက်ကောင်းမွန် စေလိုသည့် စိတ်ထား၍ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်