နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၁/၂၀၂၁)တွင် ပြေားကြားသည့် အမှာစကား

နေပြည်တော်၊ ၂၄ မေ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေး အရ ဆန္ဒပြမှုများရှိလာကြောင်း၊ တာဝန်ယူရသည့် အခြေအနေအား အကြိမ်ကြိမ် ရှင်းလင်းပြောကြားထားသော်လည်း နားလည်သဘောပေါက်သူများ ရှိသကဲ့သို့ နားမလည်သူများလည်းရှိကြောင်း၊ ယခုအခါ ဆူပူသောင်းကျန်းမှုများမှ တစ်ဆင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လာကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ နယ်မြေများ အတွင်းဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခြင်း၊ မတရားအသင်းအဖြစ် ကြေငြာထားသည့် CRPH၊ NUG၊ PDF များဖွဲ့စည်း၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ပြီး ဖျက်ဆီးရေးလမ်းကြောင်း ပေါ်သို့ ရောက်ရှိလာကြကြောင်း၊ ပြည်သူများလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူ့လုံခြုံရေး စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းစဉ် ကာလကတည်းကပင် ရာနှုန်းပြည့်ငြိမ်းချမ်းရေးရရှိသည့် ဒီမိုကရေစီဖြင့်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခများအကြားမှပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင်ငြိမ်းချမ်းရေး အတွက်ဖိတ်ခေါ်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ NCA လက်မှတ်မရေးထိုးမီ ကာလအတွင်း Gentleman Aggrement များဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သဘောတူညီချက်များရယူ ဆောင်ရွက်ခဲ့သည်များလည်း ရှိကြောင်း။

မိမိတို့အနေဖြင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဝင်ရောက် တာဝန်ယူခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ဖျက်သိမ်းခြင်း မရှိကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခြင်းမရှိဘဲ အခြေခံဥပဒေအား ပြင်ဆင်ချက်များဖြင့်သာ နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ပြီး ရွေးချယ်ခံအစိုးရ ဖဆပလကို ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း၊ တာဝန်ယူချိန်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် ကတိကဝတ် ပေးထားသည့်အတိုင်း သန့်ရှင်းသည့် ရွေးကောက်ပွဲကျင်းပ၍ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာသည့်အချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီး တပ်မတော်မှ ဗဟိုဦးစီးစနစ်ဖြင့် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ် ရေး အာဏာများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်တောင်းဆိုမှုများအရ နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားများ ပျက်စီးခဲ့ရပြီးတပ်မတော်မှ ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။

မိမိတို့ယခုတာဝန်ယူ ဆောင်ရွက်နေခြင်းသည် အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်း ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အာမခံချက်ရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပါတီပေါင်း ၉၀ ကျော်ရှိကြောင်း၊ အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံကဲ့သို့ ပါတီများစွာမရှိကြောင်း၊ ပါတီများဖွဲ့စည်းရာတွင် နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကိုအခြေခံသည့်ပါတီ၊ တိုင်းရင်းသားကို အခြေခံသည့် ပါတီများရှိကြောင်း၊ နိုင်ငံရေးဆောင်ရွက်ရာတွင် သဘောထားကွဲလွဲနေ၍မရဘဲ စည်းလုံးညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ညီညွတ်မှုမရှိပါက တည်ငြိမ်းအေးချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံရေးဆောင်ရွက်သူများ၊ မီဒီယာများအနေဖြင့် သတင်းမှားများကို သွေးထိုးလှုံ့ဆော်မှုများမပြုလုပ်ရန်လိုကြောင်း၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှု ရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာ ပေါများစေရန်၊ ယိမ်းယိုင်နေသည့် စီးပွားရေးများပြန်လည် ကောင်းမွန်အောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ပစ်ပယ်ထား၍မရကြောင်း၊ ကျေးလက်စီးပွားရေး မြှင့်တင်ရေးအတွက် ပြည်နယ်နှင့်တိုင်း ဆင်းရဲချမ်းသာကွာဟမှုကို လျှော့ချရေး ဆောင်ရွက်ရာတွင် ပြည်နယ်များကိုဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစိုက်ပျိုးရေးမှာ ဆန်စပါး၊ ပဲနှင့် ဆီထွက်သီးနှံများဖြစ်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ထို့အတူရပ်နားထားသည့် ပြည်တွင်းကုန် ထုတ်လုပ်ရေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး အတွက်လည်း တွန်းအားပေးဆောင်ရွက်ရန် လိုကြောင်း၊ စက်မှုကုန်ကြမ်းများ ထုတ်လုပ်နိုင်သည့် ဝါနှင့် ဝါးစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်လည်း အုန်းစိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်၍ အုန်းထွက်ပစ္စည်းများ ထုတ်လုပ်ကာ နိုင်ငံတကာသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ၏ဝင်ငွေ တိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိစေရေး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာအသုံးချ၍ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိနိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း၊ အလားတူ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေး လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “ညီညွတ်ခြင်းသည် အင်အား ဆိုသည့်အတိုင်း အစိုးရ၊ ပါတီများနှင့် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်