နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  ကာကွယ်ရေးဝန်ကြီးက  ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

mdn

နေပြည်တော်၂၃ ဇွန် 
 
(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ တက်ရောက်ရန်အတွက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu က ဇွန် ၂၂ ရက် ညနေပိုင်းတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး တို့သည် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကိုခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ရုရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့တက်ရောက် ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးစွမ်းရည် တိုးမြှင့် ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင် ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ အား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

 

1