နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှပါဝင်သည့် မြေယာစီမံခန့်ခွဲမှု

ညီညီမင်း(ထွေ/အုပ်)

 

နိုဝင်ဘာ ၁၉ ရက်မှအဆက်

မြေယာစီမံခန့်ခွဲမှုများ စနစ်တကျရှိစေရေးအတွက် မြေအမျိုးအစားအလိုက် မြေယာစီမံခန့်ခွဲမှုလက်စွဲစာအုပ် များကို ပြုစုထားသင့်ပါသည်။ လက်စွဲစာအုပ်ကို Wikipedia တွင် “ A Book Giving Instruction and Information” ဟု ဖော်ပြထားပါသည်။ လက်စွဲစာအုပ် (Manual) ဆိုသည်မှာ ကိစ္စတစ်ရပ်နှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ သတင်းအချက် အလက်များကို စုစည်းထားခြင်း ဖြစ်ပါသည်။ SOP နှင့် Manual ကွာခြားချက်မှာ SOP သည် ဆောင်ရွက်ရမည့် လုပ်ငန်းစနစ်တစ်ခုအတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို တိတိကျကျ ဖော်ပြထားခြင်းဖြစ်ပြီး Manual သည် လုပ်ငန်းဆောင်ရွက်ရာတွင် မှီငြမ်းကိုးကားရန် ဖြစ်ပါကြောင်း လေ့လာတွေ့ရှိရပါသည်။

 

မြေယာစနစ်တကျစီမံခန့်ခွဲရာတွင် အရေးကြီးဆုံးသည် လူသားအရင်းအမြစ်ပင် ဖြစ်ပါသည်။ မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင်သော လူသားအရင်းအမြစ်များရရှိရေး ဘဏ္ဍာငွေကြေးများ ရင်းနှီးမြှုပ်နှံပြီး ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ လေ့ကျင့်ပေးရမည် ဖြစ်ပါသည်။ ခေတ်မီနည်းပညာများ၊ ခေတ်မီနောက်ဆုံးပေါ် ပစ္စည်းကိရိယာများကို အသုံးပြုပြီး စနစ်တကျ မြေယာစီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးခြင်း၊ လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူဖြည့်တင်းပေးကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရမည် ဖြစ်ပါသည်။

 

မြေယာကို စနစ်တကျစီမံခန့်ခွဲတတ်ပါက နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံကို စနစ်တကျ စီမံခန့်ခွဲနိုင်

မြေယာကို စနစ်တကျစီမံခန့်ခွဲတတ်မှသာ ဒေသတစ်ခု၏ မြေမျက်နှာသွင်ပြင်အခြေအနေ၊ ရေမြေသဘာဝ အခြေအနေ၊ ရာသီဥတု၊ မြို့မြေများ၊ မြေယာပိုင်ဆိုင်မှုများ၊ လူဦးရေ၊ လူမျိုးစုများအကြောင်း၊ ကိုးကွယ်သည့် ဘာသာအကြောင်း၊ အလုပ်အကိုင်များအကြောင်း၊ ဆည်မြောင်း၊ တာတမံ၊ အင်းများအကြောင်း၊ ရေသွင်းစိုက်ပျိုး မှုအကြောင်း၊ လယ်ယာလုပ်ငန်း မှအပ အခြားလုပ်ငန်းများအကြောင်း၊ ကျွဲနွားများအကြောင်း၊ ပညာရေးအကြောင်း၊ ကျန်းမာရေးအကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးအကြောင်း၊ ပြည်သူလူထု၏ ဝင်ငွေထွက်ငွေအကြောင်း၊ အခွန်အခများအကြောင်း၊ ကြွေးမြီများ အခြေအနေ၊ လုံခြုံရေးကိစ္စရပ်များကို သိရှိနိုင်ကြောင်း မြေတိုင်းပညာကျွမ်းကျင်သည့် ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်ကို လေ့လာသိရှိ ရပါသည်။ အထက်ပါကိစ္စ အားလုံးသည် မြေယာပေါ်တွင်ဖြစ်ပေါ်သော ကိစ္စများဖြစ်သောကြောင့် မြေယာကို စနစ်တကျ စီမံခန့်ခွဲတတ်ပါက အထက်ပါအချက်များကို သိရှိပြီး နိုင်ငံ၏ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

 

မြေယာပြဿနာများကို စိစစ်ရာတွင် ပြည်သူလူထုများက ရိုးရိုးသားသားဖြင့် ဒုက္ခခါးစည်းခံနေရသူများ ရှိသကဲ့သို့ ပြဿနာ အဖြစ် လုပ်စားနေကြသည့် ပုဂ္ဂိုလ်များလည်းရှိကြောင်း လေ့လာသိရှိရပါသည်။ ဒုက္ခခါးစည်း ခံနေရသူများကို ကူညီဖြေရှင်းပေး နိုင်ရေးနှင့် ပြဿနာအဖြစ် လုပ်စားနေကြသူများ ကင်းစင်စေရေးအတွက် မြေယာများကို စနစ်တကျမှန်ကန်စွာ စီမံခန့်ခွဲနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြရမည် ဖြစ်ပါသည်။ မြေယာခွန်ကောက်ခံမှုနှင့်မြေယာစီမံခန့်ခွဲမှု အပြန်အလှန် အကျိုးပြု ကုန်းဘောင်ခေတ် နောက်ဆုံး သီပေါမင်းလက်ထက်တွင် မြေယာအပေါ်တွင် ကောက်ခံသောအခွန်သည် အခွန်စုစုပေါင်း၏ သုံးချိုး နှစ်ချိုးခန့်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ အင်္ဂလိပ် ခေတ်ကာလတွင်လည်း အခွန်အရပ်စုစုပေါင်း ၄၀ ရာခိုင် နှုန်းခန့်သည် မြေယာပေါ်တွင် ကောက်ခံသော အခွန်များမှရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါက တိုင်းပြည်အခွန်ရငွေ တိုးတက်စေရေး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံသော မြေခွန်အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၄ ဒသမ ၈၈၆ ဘီလီယံ ကောက်ခံရရှိခဲ့ပါသည်။ သို့သော် မြေခွန်များ ကောက်ခံမှုနှုန်းထားများမှာ အင်္ဂလိပ်ခေတ်လက်ထက်က ကောက်ခံသည့် နှုန်းထားများဖြစ်သည့်အတွက် တစ်ဧကလျှင် နှစ်ကျပ် နှုန်းခန့်သာဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၁၈၈ အရ ဇယား (၂) တွင် မြေယာခွန်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက မြေယာခွန်ဥပဒေကို ရေးဆွဲပြီး ကောက်ခံရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကလည်း မြေယာခွန်ဥပဒေများကို ရေးဆွဲလျက်ရှိပါသည်။  ယင်းမြေယာခွန် ဥပဒေများတွင် ယခင်က ကောက်ခံသည့် နှုန်းထားထက် အဆ ၂၀၀ ခန့် တိုးမြှင့်ကောက်ခံရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆ ၂၀၀ ဟု ဆိုသော်လည်း ယခင်က တစ်ဧကလျှင် နှစ်ကျပ်နှုန်းဖြင့်သာ မြေယာခွန်ကို ကောက်ခံသည့်အတွက် ယခုကောက်ခံသည့် နှုန်းထားမှာ တစ်ဧက ၄၀၀ ကျပ် နှုန်းခန့်ဖြစ်သည့်အတွက် တောင်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေ သော နှုန်းထားဖြစ်ပါသည်။ ထိုကဲ့သို့သော နှုန်းထားဖြင့် ကောက်ခံရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေယာခွန် စုစုပေါင်း ကောက်ခံရရှိမှုမှာ ကျပ်ငွေ ၄ ဒသမ ၈၈၆ ဘီလီယံခန့်ရှိသည့်အတွက် တိုးမြင့်လာသော နှုန်းထားအရ ကျပ်ငွေ ၉၇၇ ဒသမ ၂ ဘီလီယံခန့်အထိ မြေယာခွန်များ တိုးတက်ရရှိမည် ဖြစ်ပါသည်။ ပြည်သူများအတွက် အိမ်ရာများဆောက်လုပ်ပါက ကျပ်သိန်း ၁၀၀ ခန့်တန် အိမ်ရာပေါင်း နှစ်စဉ် ၉၀၀၀၀ ကျော် တည်ဆောက်ပေးနိုင်မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ ရငွေ/သုံးငွေများကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရငွေကျပ် ၁၆၉၉၀ ဒသမ ဝဝ၇၆ ဘီလီယံဖြစ်ပြီး သုံးငွေမှာ ကျပ် ၁၈၈၈၂ ဒသမ ၆၄၄၂ ဘီလီယံ ဖြစ်ပါသည်။ ထိုကဲ့သို့ မြေယာခွန်များကို တိုးမြှင့်ကောက်ခံပါက ကျပ်ငွေ ၉၇၇ ဒသမ ၂ ဘီလီယံခန့် ရရှိမည်ဖြစ်သည့်အတွက် ရငွေ စုစုပေါင်း ၅ ဒသမ ၇၅ ရာခိုင်နှုန်းခန့် တိုးတက်လာ မည်ဖြစ်ပြီး သုံးငွေတွင်လည်း ၄ ဒသမ ၂ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲနိုင်မည် ဖြစ်ပါသည်။ ၂၀၁၆-၂၀၁၇ဘဏ္ဍာ နှစ်တွင် သုံးစွဲစရိတ် အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၏ သုံးစွဲစရိတ်မှာ ကျပ်ငွေ ၅၀၀ ဘီလီယံ ခန့်ဖြစ်သည့်အတွက် မြေယာမှ ကောက်ခံရရှိသော အခွန်ငွေများဖြင့် သုံးစွဲစရိတ် အကြီးမြင့်ဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကိုပင် ထောက်ပံ့ ပေးနိုင်မည် ဖြစ်ပါသည်။

 

တိုးတက်ကောက်ခံရရှိလာသော မြေယာခွန်ငွေကျပ် ၉၇၇ ဒသမ ၂ ဘီလီယံခန့်မှ ငွေကျပ် ၅၀ ဘီလီယံခန့်ကို မြေယာစီမံ ခန့်ခွဲမှုများ စနစ်တကျဖြစ်စေရေးအတွက် မြေပုံထုတ်ခြင်း၊ မြေစာရင်းများပြုစုခြင်း (ကြေးတိုင်စိုက် ခြင်း)၊ မြေစာရင်းများ စနစ်တကျထိန်းသိမ်းခြင်း၊ မြေယာစီမံခန့်ခွဲမှု ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ခြင်း၊ မြေယာစီမံခန့်ခွဲမှု အတွက် လိုအပ်သော အဆင့်မြင့်နည်းပညာများ၊ အဆင့်မြင့်ပစ္စည်းကိရိယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ပါက မြေယာ စီမံခန့်ခွဲမှုများကို စနစ်တကျပြုလုပ်လာနိုင်ပြီး မြေယာပြဿနာများ လျော့ပါးလာကာ နိုင်ငံ၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အလျင်အမြန် မလွဲဧကန် ရောက်ရှိလာမည် ဖြစ်ပါသည်။ မြေယာခွန်ကောက်ခံရရှိမှုနှင့် မြေယာစီမံခန့်ခွဲမှု စနစ်တကျရှိမှုသည်လည်း အပြန်အလှန်အကျိုးပြု ဆက်စပ် နေကြောင်း လေ့လာတွေ့ရှိရပါသည်။

 

တောင်သူများ၏ တစ်နှစ် တစ်ဧကဝင်ငွေကို တိုးတက်စေရေး ကြိုးပမ်းပေး

မြေယာစီမံခန့်ခွဲမှုတွင် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော စိတ်ရင်းစေတနာကောင်းရှိသည့် ဝန်ထမ်းများတိုးချဲ့ လေ့ကျင့်ခြင်း၊ မွေးထုတ်ခြင်းများကိုလည်း အလေးထားပြုလုပ်မှသာ မိမိတို့မျှော်မှန်းထားသည့်မြေယာစီမံခန့်ခွဲမှု စနစ်တကျ ရှိစေရေး ပန်းတိုင်သို့ မလွဲဧကန် ရောက်ရှိမည် ဖြစ်ပါသည်။ အစ္စရေးနိုင်ငံသည် အဆင့်မြင့်စိုက်ပျိုးရေးနည်းပညာများကို သုံးပြီး မြေယာ များကို စနစ်တကျ စီမံခန့်ခွဲနိုင်သောကြောင့် သဲကန္တာရ ဒေသဖြစ်သော်လည်း စိုက်ပျိုးရေးဖြင့် တစ်ဧကလျှင် တစ်နှစ် ငွေကျပ် သိန်း ၅၀ ခန့်အထိ ဝင်ငွေရရှိအောင် စိုက်ပျိုးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ သဲကန္တရတွင် ရေချိုရှားပါး သည့်အတွက် ရေငန်ဖြင့်စိုက်ပျိုးသည့် အဆင့်မြင့်နည်းပညာများကို အသုံးချပြီး မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင ်သောကြောင့် အစ္စရေးနိုင်ငံ၏ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ အိမ်နီးချင်း နိုင်ငံကြီးတစ်ခုတွင်လည်း ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် တစ်နှစ်ဝင်ငွေ ငွေကျပ် သိန်း ၄၀ ခန့် ဝင်ငွေရရှိလျက် ရှိကြောင်း လေ့လာသိရှိရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင် မပျက်စီးရေးကို ရှေးရှုကာ သားစဉ်မြေးဆက် အကျိုးဖြစ်ထွန်းနိုင်စေရေးအတွက် အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများကို အသုံးပြုပြီး မြေယာများကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့်တောင်သူများ၏ တစ်နှစ် တစ်ဧကဝင်ငွေ တိုးတက်စေရေး ကြိုးပမ်းအကောင်အထည်ဖော် ပေးရမည် ဖြစ်ပါသည်။

 

မြေယာခွန်ကောက်ခံသည့် အချိန်ကာလကို ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းခြင်း

မြေခွန်များ တိုးမြှင့်ကောက်ခံရာတွင် တောင်သူ လယ်သမားများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ နိုင်ငံတော်၏ အခွန်ရငွေ များစွာတိုးတက်လာမည်ဖြစ်သော် လည်း ကောက်ခံရမည့် စုစုပေါင်းအခွန်ငွေပမာဏ များပြားသည့်အတွက် ငွေကြေးစီမံခန့်ခွဲမှု အလွဲအချော်များ ဖြစ်လာနိုင်ပါသည်။ တာဝန်ယူကောက်ခံသည့် ဝန်ထမ်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင် ပါသည်။

 

ထိုကဲ့သို့ မဖြစ်စေရေးအတွက် တောင်သူ လယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ပေးသည့် အချိန်တွင် မြေယာခွန်များကို တစ်ပါတည်းကောက်ခံပြီး ပေးချေစေပါက ငွေကြေးစီမံခန့်ခွဲမှု အလွဲအချော်များ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကင်းစင်ကာ လုပ်အားလေလွင့်မှုများလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ မြေယာခွန်များကိုလည်း အချိန်တိုအတွင်း အပြည့်အဝကောက်ခံ နိုင်မည် ဖြစ်ပါသည်။ သို့သော်လည်း ယခင်က မြေယာခွန်များကို ကောက်ခံရာတွင် သီးနှံပေါ်သည့်အချိန်တွင်ကောက်ခံရန် ရည်ရွယ်ပြီး မြေအမျိုးအစားအလိုက် မြေယာခွန်ကောက်ခံမည့် ကာလများကို မြေယာဥပဒေတွင် ခွဲခြားသတ်မှတ်ပြဋ္ဌာန်း ထားပါသည်။ စိုက်ပျိုးစရိတ် ချေးငွေပေးချိန်တွင် မြေယာခွန်ကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများတွင် မြေယာခွန် ကောက်ခံသည့် အချိန်ကာလများကို ပြင်ဆင်ပြဋ္ဌာန်းပေးရမည် ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုရလျှင် မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် ပြည်သူများကလည်း သင့်တင့်မျှတသော မြေခွန်အပါအဝင် ထမ်းဆောင်ရမည့် တာဝန်များကို နိုင်ငံတော်သို့ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ပေးဆောင်ကြရမည် ဖြစ်ပါသည်။ မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာပြဿနာများကို ဖြေရှင်းမှုသည်လည်း အရေးပါလျက်ရှိရာ မြေအမျိုး အစားအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ၎င်းတို့ ကိုင်တွယ်ကျင့်သုံးသည့် ဥပဒေများအတိုင်း ဖြေရှင်းကြရမည် ဖြစ်ပါသည်။

 

ထိုသို့ဖြေရှင်းရာတွင် မြေအမျိုးအစားများကို မှန်မှန် ကန်ကန် စိစစ်နိုင်စေရေးအတွက် မြေပုံ၊ မြေစာရင်း၊ မှတ်တမ်းများကို မှန်ကန်တိကျမှုရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည့် မြေယာစီမံခန့်မှု စနစ်တကျရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရမည် ဖြစ်ပါသည်။    ။