နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ၁၄ နိုဝင်ဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် အသင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

 

အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ (၁၃)ကြိမ်မြောက် ကြက်ခြေနီ ညီလာခံနှင့် အသင်းနှစ်(၈ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ညီလာခံကိုယ်စားလှယ်များ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေဟု ဦးစွာနှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။

 

ယနေ့အခမ်းအနားသည် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေအရ ပထမသုံးနှစ်တာ ပြည့်မြောက်ပြီဖြစ်သည့်အတွက် နောင်လာမည့် သုံးနှစ်တာသက်တမ်းအတွက် ညီလာခံခေါ်ယူ ရွေးချယ်တင်မြှောက်ခြင်းနှင့်အတူ အသင်းနှစ် (၈ဝ)ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ကမ္ဘာ့နိုင်ငံများနည်းတူ ၁၉၃၉ ခုနှစ်က စတင်ပြီး အမျိုးသားအဆင့်အသင်းအဖြစ် အသိအမှတ်ပြုခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၈၀) ပြည့်ခဲ့ပြီဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် မိမိတို့နိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာ အဖွဲ့အစည်းဖြစ်ပြီး ဘေးအန္တရာယ်များ ကျရောက်ပါက ခုခံနိုင်စွမ်း အားနည်းသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သော ဘဝများအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့ပါကြောင်း၊ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့ပါကြောင်း။

 

၁၉၅၂ ခုနှစ်တွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိခင်ကြီး မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည်က ကြင်နာစိတ်များ ယိုဖိတ်စွာဖြင့် အမျိုးသမီးသူနာပြု တာဝန်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုနှစ်အတွင်းတွင် အသင်းကြီး၏ လုပ်ငန်းဆောင်တာများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ကိုက်ညီစေရေး၊ အသင်းကြီးကို အုပ်ချုပ်ရေးအတွက် အဖွဲ့ဝင်များ ရွေးကောက်ခွင့်ရရှိခဲ့ပါကြောင်း။

 

၁၉၅၉ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်း လူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးခဲ့ပါကြောင်း၊ အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့ပါကြောင်း၊ အဆိုပါ အက်ဥပဒေအရ စိန့်ဂျွန်းသူနာပြုတပ်ဖွဲ့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံ ကြက်ခြေနီ အသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေ ပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ခေတ်စနစ်နှင့်လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ မျှော်မှန်းချက်မှာ “ပြည်တွင်း ပြည်ပရှိ ဘေးအန္တရာယ် ကျရောက်လွယ်သူများအတွက် လူမှုကရုဏာ အကူအညီများပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်းဖြစ်လာစေရန်” ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အစဉ်အမြဲ အသိအမှတ်ပြု အားပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဘက်ကလည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး အမျိုးသားအဆင့် လူမှုကရုဏာ အဖွဲ့အစည်းတစ်ခုအဖြစ် လူမှုကရုဏာလုပ်ငန်းများကို ဥပဒေနှင့်အညီ လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းဆိုသည့် အခြေခံမူ (၇)ချက်အတိုင်း တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် လွတ်လပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို အထူးပင်အားရမိပါကြောင်း။

 

ယခုလာမည့် ညီလာခံသက်တမ်းအတွက် မဲပေးရွေးချယ်မှု အပိုင်းတွင်လည်း ပွင့်လင်းမြင်သာသည့် မဲစနစ်များနှင့် ရွေးချယ်သွားမည်ဆိုသည်ကိုလည်း သိရှိရသည့်အတွက် အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ယင်းမှာ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားနေကြခြင်းဖြစ်သည်ကို ဖော်ပြနေခြင်းလည်း ဖြစ်ပါကြောင်း။

 

မည်သည့်အဖွဲ့အစည်းမှ အမြဲတမ်း ပြီးပြည့်စုံခြင်း မရှိပါကြောင်း၊ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲသင့်သည်ကို ပြုပြင်ပြောင်းလဲရဲသည့် သတ္တိလည်း ရှိရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲသင့်သည့်အရာများကို ပြောင်းလဲနိုင်သည့် စွမ်းရည်များ လိုအပ်သကဲ့သို့ ကြုံတွေ့လာရမည့် အခက်အခဲများအတွက် ခံနိုင်ရည်လည်းရှိရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မည်သည့်အရာကို ပြုပြင်ပြောင်းလဲသင့်ပြီး မည်သည့်အရာကို မပြောင်းလဲသင့်ကြောင်း ဝေဖန်ပိုင်းခြားနိုင်သည့်၊ ခွဲခြားသိနိုင်သည့် ဉာဏ်ပညာ အမြော်အမြင်ရှိရန်လည်း လိုအပ်ပါကြောင်း၊ ကြက်ခြေနီသမိုင်း မှတ်တမ်းကောင်းများ ထားရစ်ခဲ့နိုင်ရန်အတွက် ပြုပြင်သင့်ပြုပြင်ထိုက်သည်များကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ အများပြည်သူနှင့် တိုင်းပြည်အတွက် ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများကို ဆတက်ထမ်းပိုး ပိုမိုစွမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။

 

ကြက်ခြေနီအသင်းသည် မိမိတို့ အသင်း၏ လုပ်ငန်းတာဝန်ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏အရန်အင်အားတစ်ခုအဖြစ် ဖော်ဆောင်ပေးနေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် အမျိုးသား စီမံကိန်း၊ စီမံချက်များ၊ မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ကြက်ခြေနီအသင်းက ပူးပေါင်းပါဝင်ခြင်းဖြင့် တစ်ဖက်တလမ်းက အထောက်အကူပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘက်ကလည်း ကြက်ခြေနီအသင်းကို ဥပဒေနှင့်အညီ တာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အားလျော်စွာ အကူအညီလိုအပ်သူ မည်သူကိုမဆို ခွဲခြားခြင်း အလျဉ်းမရှိစေဘဲ ဥပဒေဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေးကြရန် အထူးမှာကြားလိုပါကြောင်း။

 

ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများ၏ စွမ်းပကား၊ စေတနာ၊ မေတ္တာကရုဏာ အပြည့်နှင့် အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ရန်သူ မိတ်ဆွေ မရွေးဘဲ ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာပါမကျန် နေရာဒေသမရွေး၊ အချိန်အခါမရွေး နှစ်ပေါင်း (၈၀) တိုင် ကူညီစောင့်ရှောက်ပေးခဲ့မှုများသည် လူတိုင်း၏ စိတ်အစဉ်တွင် စွဲမြဲတည်ရှိနေကြမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နှစ်ပေါင်း (၈၀) ကာလအတွင်း ကြက်ခြေနီအသင်းကြီး၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်းကိုလည်း အခါအခွင့်သင့်ခိုက် ပြောကြားလိုပါကြောင်း။

 

များမကြာမီအချိန်တွင်လည်း လာမည့်ညီလာခံသက်တမ်းအတွက် ကြက်ခြေနီ၏ မွန်မြတ်လှသော လူမှုကရုဏာလုပ်ငန်းများကို တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးကြမည့် အသင်းအဆင့်ဆင့်က ခေါင်းဆောင်ကောင်းများ ရရှိထွက်ပေါ်လာလိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း၊ အဆိုပါခေါင်းဆောင်များ၏ ခေါင်းဆောင်မှုများနှင့်အတူ အသင်း၏ လုပ်ငန်းအဝဝကို ညီညာဖြဖြ လုပ်ကိုင်နိုင်ကြပါစေ။ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ဂုဏ်သိက္ခာ၊ အသင်း၏ ပုံရိပ်ကို ယခုထက် ပိုမိုထွန်းလင်းတောက်ပအောင် ဆောင်ရွက်နိုင်ကြပါစေ။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နိုင်ငံတကာမိတ်ဖက် အမျိုးသား ကြက်ခြေနီ အသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၂၀ မဟာဗျူဟာရည်မှန်းချက်များ ချမှတ်ထားသည့်အတိုင်း ပိုမိုကျန်းမာလုံခြုံစေပြီး ဘေးအန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေခြင်းဖြင့် ရပ်ရွာလူထုများ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြပါစေ။ ကြက်ခြေနီအခြေခံမူများနှင့် အသင်းကြီး၏ရည်ရွယ်ချက်များ၊ လူမှုကရုဏာ လုပ်ငန်းဆိုင်ရာ တန်ဖိုးထားမှုများ၊ လူသားချင်း စာနာထောက်ထားမှုများအပေါ် ပိုမိုလေးစား တန်ဖိုးထားလာအောင် အကောင်အထည်ဖော်နိုင်ကြပါစေ။ ငြိမ်းချမ်းသော လူ့ဘောင်နှင့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာအောင် ဆောင်ရွက်နိုင်ကြပါစေ။ အသင်း၏ အဆင့်တိုင်းတွင် မြင့်မားသောစွမ်းဆောင်ရည်နှင့် ခိုင်မာသောအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

 

12