နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်

လဟယ် ၁၅ ဇန်နဝါရီ

 

၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရိုးရာကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ တက်ရောက်သည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နာဂမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင်များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီနာယကနှင့် အဖွဲ့ဝင်များ၊ ဒေသခံ နာဂတိုင်းရင်းသား တိုင်းရင်းသူများ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂ဝ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင်

 

ချစ်ခင်လေးစားအပ်တဲ့ သဘာပတိကြီးနှင့်တကွ သဘာပတိအဖွဲ့ဝင်များ၊ ပြည်ထောင်စုဖွား နာဂ တိုင်းရင်းသားများနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား -

 

၂၀၂၀ ပြည့်နှစ်ရဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခုလို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားလိုပါတယ်၊ ထူးခြားလှပတဲ့ နာဂလူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်မှာ နာဂတိုင်းရင်းသားများနဲ့ နာဂဒေသအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်၊

 

နာဂတောင်တန်းကြီးရဲ့ ဝေနေတဲ့တောင်ခိုးများ၊ မှိုင်းမှုန်နေတဲ့ ဆီးနှင်းမြူများ၊ သဘာဝ တောတောင်ရေမြေ အလှအပများနဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုများ၊ ကခုန်သီဆိုမှုများ၊ နှစ်လိုဖွယ်ရာ ဖော်ရွေမှုများဟာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

 

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကုန်လွန်ခဲ့တဲ့နှစ်က အတွေ့အကြုံတွေကို ဖလှယ်ဖို့နဲ့ လာမယ့်နှစ်သစ်မှာ တွေ့ကြုံနိုင်တဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကြိုတင်ဖြေရှင်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ စီမံချက်များ ချမှတ်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပြီးတော့ လာမယ့်နှစ်မှာ ရာသီဥတုကောင်းမွန်ပြီး စပါး၊ ပြောင်း၊ ပဲ၊ ဘူး၊ ဖရုံ၊ ငရုတ် စတဲ့ စိုက်ပျိုးသီးနှံတွေ တိုးတက်ဖြစ်ထွန်းဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရောဂါဘယကင်းဝေးပြီး မွေးမြူရေးအောင်မြင်စေဖို့ ပွဲတော်မှာ ဆုမွန်ကောင်း တောင်းကြတယ်လို့ သိရှိရပါတယ်။

 

မိမိတို့အစိုးရအဖွဲ့ဟာ နိုင်ငံတော်ရဲ့တာဝန်ကို စတင်ထမ်းဆောင်စဉ်ကပင် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်နယ်/ တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ဝေးလံခေါင်သီသော နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးလည်း မကျန်ခဲ့စေရအောင် ဆောင်ရွက်နေပါတယ်၊

နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပညာရပ်များ၊ သင်တန်းများကို ဒေသခံတိုင်းရင်းသားများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသလို ဒေသရဲ့ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အခွင့်အလမ်းများကိုလည်း ဖန်တီးဖော်ဆောင် ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး အသက်မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားသူများကိုလည်း နိုင်ငံတော်က ကူညီဖြည့်ဆည်း ပေးလျက်ရှိပါတယ်။

 

နာဂဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

           

မိမိတို့ အစိုးရလက်ထက်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များနဲ့ ချိတ်ဆက်ပြီး အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်၊ နယ်စပ်ဒေသမှာရှိတဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အခြားကဏ္ဍတွေမှာလည်း အားနည်းနေသေးတာကို တွေ့ရှိရပါတယ်၊ နာဂဒေသမှာ ဘက်စုံဖွံ့ဖြိုးရေး အတွက် အလျင်အမြန် အကောင်အထည်ဖော်ပေးရမယ့်ကဏ္ဍနဲ့ ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက် ပေးရမယ့် ကဏ္ဍဆိုပြီး နှစ်ပိုင်းတွေ့ရှိရပါတယ်။ ဒီအတွက်လည်း လက်ရှိအနေအထားထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွေက ရေတို၊ ရေရှည် မူဝါဒတွေချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုမူဝါဒတွေချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့နေရာမှာ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်စေဖို့ ဆောင်ရွက်ပေးတဲ့နေရာမှာ လေရှီး- လဟယ်- နန်းယွန်း မြို့နယ်ချင်းဆက်လမ်းအနက် လဟယ်-နန်းယွန်း မြို့နယ်ချင်းဆက်လမ်းကို ဖောက်လုပ်ထားရှိပြီး ဖြစ်ပါတယ်။ဒါပေမယ့် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း မဖောက်လုပ်ရသေးတဲ့အတွက် ဘဏ္ဍာနှစ်အလိုက် အသုံးစရိတ်တွေခွဲဝေ ချထားပြီး (၃)မြို့နယ် မြို့နယ်ချင်းဆက်လမ်း တိုးမြှင့်ဖောက်လုပ်နိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးကြရန် အထူးမှာကြားလိုပါတယ်။

 

သဘာပတိကြီးနဲ့တကွ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အရင်ကထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာနများရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသလို၊ နာဂဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ယခုထက် ပိုမိုတိုးတက်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်၊ အလားတူ နာဂတိုင်းရင်းသားများရဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့လည်း တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် အထူးလိုအပ်ပါတယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများရဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

 

ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှ အောင်မြင်မှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း တစ်ဦးချင်းစီ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ မွေးမြူပြီး ဆန္ဒထက်သန်စွာ စေတနာပါပါ ဆောင်ရွက်ကြဖို့ဟာ အဓိကကျလှပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ဒေသခံတွေပါသလို  ရပ်ဝေးကနေလာရောက် တာဝန်ထမ်းဆောင်ကြတဲ့ သူတွေလည်းပါကြမှာပါ။ ရပ်နီးရပ်ဝေး ဘယ်ဒေသကပဲဖြစ်ပါစေ ဝန်ထမ်းတွေအနေနဲ့ ဝတ်ကျေတန်းကျေ သဘောမျိုးထက် နာဂဒေသရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ် ဆိုတဲ့စိတ်ဆန္ဒများနဲ့ မေတ္တာစေတနာထားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာနှစ်သစ်ကူး မင်္ဂလာအခါသမယမှာ နာဂ တိုင်းရင်းသူ/ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရာသီဥတုကောင်းမွန်ပြီး စိုက်ပျိုးသီးနှံများ ပေါကြွယ်ဝကြပါစေ၊ မွေးမြူရေးများ ဖြစ်ထွန်းအောင်မြင်ပါစေ၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ အလေးအနက် ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ဟု ပြောကြားသည်။

 

သတင်းစဉ်