နိုင်ငံတော်ဝန်ကြီးချုပ် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ မန္တလေးတောင်ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ  ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၊ သာသနဟိတကာရီဓမ္မဗိမာန်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကပ်လှူဒါန်းသည်။

မေးမြန်းလျှောက်ထား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံတော်ဩဝါဒါစရိယ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး အခြေအနေများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါးပါးသီလခံယူဆောက်တည်ကြပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ပရိက္ခရာ(၈)ပါးစုံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေကျပ်သိန်း ၁၅၀၊  ဆွမ်းဆန်တော်အိတ် ၅၀ ၊ ပဲ ၅အိတ်၊  ဆီ ၁၀ ပုံး၊ အာလူး ၁၀ အိတ်၊ ကြက်သွန် ၁၀ အိတ်၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်း

ယင်းနောက် ညနေပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ ကျက်သရေဆောင် မန္တလေးတောင် ဆုတောင်းပြည့်မြတ်စွာဘုရားသို့  သွားရောက်ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မန္တလေးတောင်ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း များ ကပ်လှူပူဇော်သည်။ ယင်းနောက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 

ထိန်းသိမ်းဆောင်ရွက်

ယင်းနောက် မန္တလေးမြို့ ကျက်သရေဆောင် မန္တလေးတောင် ဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး သမိုင်းဝင် မန္တလေးတောင်တော်နှင့် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး တောင်တက်လမ်း၊ စောင်းတန်းများ၊ ရင်ပြင်တော်နှင့် ဘုရားကြီး၏အမိုးပြဿဒ်များ ရေရှည်တည်တံ့ခိုင်မြဲ မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။

လက်မှတ်ရေးထိုးပူဇော်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်