နိုင်ငံတကာအဆင့်မီ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲပြသမည်   

ရန်ကုန် ၂၃ ဇန်နဝါရီ

 

နိုင်ငံတကာအဆင့်မီ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် မော်တော်ယာဉ် Brand ၁၅ မျိုးအထိ ပါ၀င်ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ဇန်နဝါရီ ၂၂ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် ပြပွဲနှင့်ပတ်သက်သည့် စာနယ်ဇင်ရှင်းလင်းပွဲမှ သိရသည်။

 

ကားပြပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၀င်းအတွင်းရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာ(YCC)၌ ဖေဖေါ်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"မြန်မာနိုင်ငံမော်တော်ယာဉ်နယ်ပယ်အား နိုင်ငံတကာအဆင့်အတန်းအတိုင်း ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ထုတ်လုပ်တပ်ဆင်ခြင်း ကဏ္ဍများတိုးတက်ရန်ဖြစ်ပါတယ်။ ယမန်နှစ်က ကျင်းပတဲ့ ပထမအကြိမ်ကားပြပွဲကြီးမှာ Brandခြောက်ခုပဲ ၀င်ရောက်ပြသနိုင်ခဲ့သလို၊ ယခုနှစ်ပြပွဲကြီးမှာ Brand ၁၅ ခု အထိ ပါ၀င်မှာဖြစ်ပါတယ်ဟု" မြန်မာနိုင်ငံမော်တော်ကားအသင်း(AAM)ဥက္ကဌ ဦးအောင်၀င်းက ပြောသည်။

 

ဒုတိယအကြိမ် ကျင်းပမည့်နိုင်ငံတကာ ကားပြပွဲကြီးတွင် ပြသမည့် Brand များမှာBMW၊ Brilliance DFM၊ Ford၊ GAC ၊ Jaguar၊Land Raver၊ Mazda၊ Mercedes-Benz ၊ Nissan၊ Scania Suzuki၊ Toyota၊ Volvo တို့ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲတွင်Modified Street Car Contest ယုံကြည်စိတ်ချရသော အပိုပစ္စည်းနှင့် မော်တော်ယာဉ်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်အတူ စိတ်၀င်စားဖွယ်ရာအစီအစဉ်များလည်း ပါ၀င်မည်ဖြစ်ကြောင်းသိရသည်။

 

အာကာစိုး