နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)  ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၀) နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၇

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့် ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)  နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီး၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန်ယူ ထမ်းဆောင် လျက်ရှိပြီး အနာဂတ်တွင် နိုင်ငံတော်၏ ပိုမိုကြီးမားသည့် တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မား ထက်မြက်လာစေပြီး တာဝန်ယူရသော ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည်တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

သင်တန်းကာလအတွင်း အဆင့်မြင့်အရာရှိကြီးများကို နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပိုမိုသိမြင်ပြီး အဆင့်မြင့်တာဝန်များ ထမ်းဆောင်ရာတွင် အရေးကြီးဆုံးဖြစ်သည့် တွေးခေါ်မြော်မြင်မှု၊ ညှိနှိုင်းပေါင်းစပ်တတ်မှု၊ ပြည်တွင်း၊ ပြည်ပဗဟုသုတ၊ သတင်းအချက်အလက် နည်းပညာ၊ အတွေ့အကြုံ၊ သင်ခန်းစာနှင့် နမူနာများ လေ့လာသုံးသပ်ပြီး ဌာနများ ပေါင်းစပ်အဖြေရှာခြင်းနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းများရရှိအောင် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ၏ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးက အဆင့်မြင့် တာဝန်ရှိသူများကလည်းကောင်း၊  ပြင်ပကျွမ်းကျင်ပညာရှင်များက ခေါင်းဆောင်မှု၊ အဆင့်မြင့်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်ကောင်းများ လေ့လာတတ်သိသင့်သည့် ပညာရပ်များကို ၎င်းတို့၏အတွေ့အကြုံ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပညာဌာန (၈) ခုမှ ဆရာကြီး၊ ဆရာမကြီးများက ပညာဌာနအလိုက် ခေတ်စနစ်နှင့်လျော်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ အဆင့်မြင့်ဘာသာရပ်များကိုလည်းကောင်း ပို့ချပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများက မိမိတို့နိုင်ငံ၊ မိမိတို့ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုသွက်လက် မြန်ဆန်ထိရောက်မှု ရှိစေရေး၊ မိမိတို့အရည်အသွေး မြင့်မားထက်မြက် လာစေရေးအတွက် သိလိုသမျှကို အပြန်အလှန် ထဲထဲဝင်ဝင် ဆွေးနွေးကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀) သို့ ဝန်ကြီးဌာန အသီးသီးတို့မှ သင်တန်းသား (၁၅) ဦး၊ သင်တန်းသူ (၆) ဦး၊ စုစုပေါင်း (၂၁) ဦးနှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၁) သို့ ဝန်ကြီးဌာနအသီးသီးတို့မှ သင်တန်းသား (၂၃) ဦး၊ သင်တန်းသူ (၂၂) ဦး၊ စုစုပေါင်း (၄၅) ဦး တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန် ၂၇ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ရက်သတ္တ (၈) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်