နည်းစနစ်ဒါရိုက်တာတစ်ဦးခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

၃၀ နိုဝင်ဘာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံခြားသား နည်းစနစ်ဒါရိုက်တာတစ်ဦးခန့်အပ်ရန် စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်လျက်ရှိသည့် နည်းစနစ်ဒါရိုက်တာရာထူးအတွက် အသစ်ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာဟောင်း ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်နှင့် လမ်းခွဲပြီးနောက်ပိုင်း အသစ်ခန့်အပ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး လျှောက်ထားသူများအနက် ပဏာမအဆင့်သုံးဦးကို ရွေးချယ်ထားခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အစည်းအဝေးတွင် နည်းစနစ် ဒါရိုက်တာရာထူးအတွက် လျာထားသည့် သုံးဦးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး လာမည့်နှစ်တွင် ခန့်အပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။

နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျာထားသည့်သုံးဦးတွင် ဂျာမနီ၊ နယ်သာလန်နှင့် သြစတြေးလျနိုင်ငံသားများ ပါဝင်နေသည်။ အသစ်ခန့်အပ်မည့် နည်းစနစ်ဒါရိုက်တာသည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ပြီး အကယ်ဒမီကျောင်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ်အာဗရန်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ခန့်အပ်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်း ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ