ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ညောင်တုန်း  ၄  ဧပြီ   

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ပြန်လာသူများအား  Home Quarantine နှင့် Facility Quarantine တို့တွင် မတ် ၂၇ ရက်နေ့မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ  ညနေ ၆ နာရီထိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စောင့်ရှောက်ကြီးကြပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်တုန်းမြို့နယ်တွင် ရက်ကွက်/ကျေးရွာများအလိုက် ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသောနေရာအဖြစ် မြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် နီးစပ်ရာ နေရာများရှိ ပြည်ပနိုင်ငံများမှ ပြန်လာသူများကို အထက(၁)နှင့် ကျေးရွာများတွင် သပြေချောင်းကျေးရွာ၊ ဆားမလောက်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ငှက်ပျောကျွန်းကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ နတ်ပေးကျေးရွာတို့ရှိ စာသင်ကျောင်း စသည့် စောင့်ကြည့်ရေးစင်တာ Facility Quarantine (၇) နေရာနှင့် ပြည်တွင်းမှ ပြန်လာသူများကို ပြည်တွင်း စောင့်ကြည့်ရေးနေရာဖြစ်သည့် Home Quarantine ကို ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ နီးစပ်ရာ စာသင်ကျောင်းများအား သီးခြားထားရှိရန်နေရာအဖြစ် သတ်မှတ်ထား၍ ပြင်ဆင်ဆောင်ရွက်ထားရှိပါသည်။

ညောင်တုန်းမြို့နယ်တွင် မတ် ၂၇ ရက်မှ ဧပြီ ၄ ရက်နေ့အထိ ပြည်ပမှ ပြန်ရောက်လာသူများမှာ အထက (၁) တွင် ၂၁ ဦး၊ အထက (ဆားမလောက်) တွင် ၂၃ ဦး၊ အထက-ခွဲ(မဲဇလီ) တွင် ၁၁ ဦး၊ အထက (ငှက်ပျောကျွန်း)တွင် ၁ ဦး၊ အထက (ချောင်းကြီး) တွင် ၅ ဦး၊ အထက (သပြေချောင်း) တွင် ၁၀ ဦး၊ အထက (နတ်ပေး)တွင် ၄ ဦး ရောက်ရှိလာခဲ့ရာ ပြည်ပမှပြန်လာသူ  ၇၅ ဦးရှိခဲ့ပြီး  ဧပြီ ၄ ရက်နေ့တွင် အထက (၁) မှ ၄ ဦး၊ အထက (ခွဲ) (မဲဇလီ) မှ ၂ ဦး၊ အထက (နတ်ပေး)မှ ၁ ဦး စုစုပေါင်း ၇ ဦးမှာ မိမိဒေသသို့ရောက်ရှိပြီး ၁၄ ရက်တာအတွင်း ရောဂါတစ်စုံတစ်ခုမှ မရှိခြင်း၊ ကျန်းမာရေးကောင်းမွန်နေခြင်းတို့ကြောင့် အဆိုပါ ၇ ဦးအား ယင်းတို့၏ နေအိမ်သို့ပြန်လည် နေထိုင်ရန်ခွင့်ပြုခဲ့ပြီး ကျန်ရှိနေသေးသည့် စောင့်ကြည်ရေးစင်တာ (Facility Quarantine) ခုနှစ်ခုမှ ပြည်ပမှ ပြန်လာသူ (၆၈) ဦး၊ ဧပြီ ၃ ရက်တွင် ပြည်တွင်းမှ ပြန်လာသူ ၅၁၁ နှင့် ဧပြီ ၄ ရက်တွင် ၅၃၀ ဦး ထပ်မံရောက်ရှိခဲ့ရာ စုစုပေါင်း ၁၀၄၁ ဦးရှိရာ Home Quarantine နှင့် Facility Quarantine နေရာတို့တွင် လူဦးရေ စုစုပေါင်း ၁၁၀၉  ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း  မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော Home Quarantine နှင့် Facility Quarantine တို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့တို့မှ သွားရောက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)