ညောင်ဦးမြို့နယ်၌ GAP – Food Safety – Organic နည်းပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ

ညောင်ဦး   ၁၄  ဇန်နဝါရီ    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံများ စိုက်ပျိုးရာတွင် ပြည်သူများ အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် အရည်အသွေးကောင်းမွန်သော သီးနှံထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ GAP – Food Safety – Organic နည်းပညာပေးသင်တန်းကို ယနေ့ နံနက် နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က မြို့နယ်အတွင်း ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ယခုလို စိုက်ပျိုးတောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် GAP– Food Safety – Organic နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တက်ရောက်သင်ယူကြမည့် သင်တန်းသား သင်တန်းသူများကလည်း ပို့ချသင်ကြားပေးမည့် GAP စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ဂရုတစိုက် လေ့လာသင်ယူသွားကြရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက GAP – Food Safety – Organic နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် မြို့နယ်ရုံး ဝန်ထမ်းများနှင့် ဒေသခံတောင်သူများကို သီးနှံများစိုက်ပျိုးရာ၌ ပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နည်းစနစ်များ၊ ဓာတုလွတ် (Organic) သီးနှံစိုက်ပျိုးနည်းစနစ်များ၊ အစားအစာ ဘေးကင်းလုံခြုံစေသည့် သီးနှံထုတ်လုပ်မှုဆိုင်ရာများ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းနှင့် ထိန်းသိမ်းထားသို နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။

 

သင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ အော်ဂဲနစ် စိုက်ပျိုးရေးနည်းစနစ် စိတ်ဝင်စားသည့် ဒေသခံတောင်သူများ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၈၄ ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း  သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)