ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ တစ်တင်း ၃၈၀၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး  နိုဝင်ဘာ  ၂၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ ဆွတ်ခူးရောင်းချနေကြပြီ ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တောင်ဖက်တန်းကျေးရွာ ပဲတီစိမ်းစိုက်ပျိုးတောင်သူ လက်ပံခြေပေါ်ကျေးရွာ ဦးမောင်တင့်ထံမှ သိရသည်။

 

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲတီစိမ်းကြဲပက်စိုက်ပျိုးခြင်းအား မေလနှင့် ဇွန်လတို့တွင် စတင်ကြဲပက်စိုက်ပျိုးကြပြီး၊ စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် အဖူး၊ အပွင့်စတင်ပွင့်ကာ အပွင့်ပွင့်ပြီး အသီးသီးကာ ဆယ်ငါးရက်ခန့်အကြာတွင် အသီးများရင့်ပြီး ခူးဆွတ်အစေ့ထုတ်ကာ ပခုက္ကူမြို့ရှိ ပဲပွဲရုံများသို့ သွားရောက်ရောင်းချကြသည်။

 

ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ကာ မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ အပင်များ သန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များ အောင်မြင်ကြောင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူ ဦးညိုမင်းက ရှင်းပြသည်။

 

ယခုအခါ ပဲတီစိမ်းတစ်တင်း ၃၈၀၀၀ ကျပ်ရောင်းချရပြီး တောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကာ ပဲတီစိမ်းအထွက်နှုန်းလည်း ကောင်းမွန်ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း