ညောင်ဦးမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံပွဲကျင်းပ

articles_advs

ညောင်ဦး ၁၂ ဒီဇင်ဘာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂နာရီတွင် အမှတ်(၁)နယ်မြေ၊ ဆုတောင်းပြည့်ဘုရား စုရပ်မှစတင်ကာ လမ်းမတော်လမ်းမကြီးမှ ချီတက်၍ ပြည်သူအများ စုဝေးချီတက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူလူထု ထောက်ခံချီတက်ခြင်းအား ရွှေစည်းခုံဘုရား တောင်ဘက်ကွင်းပြင်ကျယ်တွင် ပြုလုပ်ခဲ့ရာ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတ္တိနှင့်စိတ်ဓာတ်အား မြန်မာပြည်သူအပေါင်း၏ သွေးစည်းညီညွတ်မှုနှင့် ဘာသာကြီးလေးခု၏ ပုဂ္ဂိုလ်များက ထောက်ခံဝန်းရံကြခြင်းဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းဝိုင်းအား သိရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက တစ်ညီတညွတ်တည်း ကြွေးကြော်သံများဖြင့် ထောက်ခံခဲ့ကြသည်။

အဆိုပါထောက်ခံပွဲသို့ ညောင်ဦးမြို့နယ် ပြည်သူများ၊ ပုဂံမြို့သစ်မှ ပြည်သူများနှင့် ငါ့သရောက် မြို့မှ ပြည်သူများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြကာ လူဦးရေ သုံးသောင်းခွဲခန့် တက်ရောက် ထောက်ခံကြကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း