ညီအစ်ကိုအရင်းအချာစိတ်

စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖို့မူ စည်းလုံးခြင်းမှရရှိအပ်သည့် အင်အားသည် နိုင်ငံကို တည်ဆောက်ရန်နှင့် နိုင်ငံကို ကာကွယ်ရန်တို့အတွက် မရှိမဖြစ်လိုအပ်သည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးများ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကတည်းက အတူနေထိုင်ခဲ့ကြသည့် နိုင်ငံလည်း ဖြစ်သည်။ စုစည်းညီညွတ်စွာ၊ တစ်စည်းတစ်လုံးတည်း၊ အေးအတူပူအမျှ နေထိုင်ခဲ့ကြခြင်းဖြစ်သည့်အလျောက် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ဟူ၍လည်း တင်စားကြသည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ် ခုနစ်ပြည်နယ် သတ်မှတ် ပိုင်းခြားထားသည်။ ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကျယ်အဝန်းမတူ၊ လူဦးရေမတူ၊ ဖွံ့ဖြိုးတိုးတက်မှုများလည်း မတူ၊ တစ်ခုနှင့်တစ်ခု ကွာခြားနေကြသည်။ သို့ရာတွင် တိုင်းဒေသကြီးတိုင်း၊ ပြည်နယ်တိုင်းမှာ တိုင်းရင်းသားလူမျိုး တစ်မျိုးစီသာ နေထိုင်ကြခြင်းမဟုတ်ဘဲ တိုင်းရင်းသား လူမျိုးများအားလုံး အတူတကွ ပျံ့နှံ့နေထိုင်နေကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသည် အခြေခံဥပဒေအရ အဆင့်အတန်း တူညီကြသည်။ လက်ရှိကမ္ဘာ့အခြေအနေ၊ မိမိတို့နိုင်ငံတည်ရှိရာ ဒေသတွင်းအခြေအနေနှင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေတို့အရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် မရှိမဖြစ် အရေးကြီးနေသည်။ စင်စစ်အားဖြင့်မူ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး၏ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံး ညီညွတ်ရေးသည် ပြည်ထောင်စုနိုင်ငံအတွက် ထာဝရအရေးပါသည့် လိုအပ်ချက်ဟူ၍ပင် ဆိုရမည်။

 

“ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ အားလုံး၊ ပြည်ထောင်စုသားချင်းတွေ အားလုံးဟာ ညီအစ်ကို အရင်းအချာတွေဆိုတဲ့စိတ်ကို မွေးစေချင်ပါတယ်။ ဒီလိုစိတ်မွေးနိုင်မှ နိုင်ငံရဲ့ မတူကွဲပြားမှုတွေဟာ ကျွန်မတို့အတွက် အင်အားဖြစ်မှာ၊ မတူတဲ့သူတွေက ငါတို့ရန်သူ၊ မတူတဲ့လူတွေက ငါတို့နဲ့ တစ်သားတည်းနေနိုင်မှာ မဟုတ်ပါဘူး၊ မတူတဲ့သူတွေ မို့လို့ ငါတို့ “ပ” ထားရမယ်ဆိုတဲ့ စိတ်တွေထားရင် ကျွန်မတို့နိုင်ငံဟာ အင်အားတွေ လျော့သွားပါလိမ့်မယ်” ဟု စစ်ကိုင်း တိုင်းဒေသကြီး ဗန်းမောက်မြို့၌ လူထုနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍လည်း မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိကြောင်း၊ တိုင်းရင်းသားတိုင်းတွင် ချစ်စရာကောင်းသည့် ဓလေ့များနှင့် လေးစားစရာကောင်းသည့် အယူအဆများရှိကြောင်း၊ ယင်းကို သိနားလည်အောင်ကြိုးစားရင်း အပြန်အလှန် သင်ယူခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူရန်၊ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးကို ထူထောင်ရန်လည်း တိုက်တွန်းပြောကြားသွားခဲ့သည်။

 

ယနေ့ကာလသည် မိမိတို့နိုင်ငံအဖို့ တိုင်းသစ်ပြည်သစ် ထူထောင်နေရသည့် ကာလဖြစ်သည်။ နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အားကုန်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်နေရသလိုနိုင်ငံ၏ အချုပ်အခြာကို ထိပါးလာနိုင်သည့် စိန်ခေါ်မှုများ ကိုလည်း ရင်ဆိုင်တွန်းလှန်နေရသည့် အချိန်ဖြစ်သည်။ ယင်းသို့သော အခြေအနေအချိန်အခါတွင် မိမိတို့နိုင်ငံအဖို့ ခိုင်မာ တောင့်တင်းသည့် အင်အားကို လိုအပ်သည်သာ ဖြစ်သည်။ ယင်းအင်အားသည် ပြည်တွင်းမှာသာရှိသည့် စည်းလုံးညီညွတ်မှု အင်အားဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်မှု အားကောင်းသည့်အခါတိုင်း ဒေသတွင်းမှာ ခေါင်းမော်ဝင့်ကြွားနိုင်ခဲ့သည် ချည်းဖြစ်သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲ၍ အားအင်ချည့်နဲ့ချိန်တွင်မူ ကျူးကျော်စော်ကားမှုတို့ ခံစားခဲ့ရဖူးသည်မှာလည်း သမိုင်းသင်ခန်းစာပင် ဖြစ်သည်။

 

သတင်းအချက်အလက်နည်းပညာများ တိုးတက်မြင့်မားလာသည့် ယနေ့ခေတ်တွင် တိုင်းရင်းသားလူမျိုးများ တစ်မျိုးနှင့် တစ်မျိုးအကြား ရန်ငြိုးရန်စ အာဃာတတို့ ကြီးမားလာစေရန်၊ သံသယနှင့် မယုံသင်္ကာစိတ်များ ပွားများလာစေရန်၊ သေးသည့် အမှုတို့ကြီးကာ အမုန်းမီးတို့ တောက်လောင်လာစေရန် သွေးခွဲသပ်လျှိုမှုများကို မသမာသူတို့က နည်းလမ်းအသွယ်သွယ်၊ ပညာသားပါပါ၊ ပရိယာယ်ဝေဝုစ်များစွာတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ  ပြုလုပ်နေကြသည်ဖြစ်ရာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ပြတ်သားစွာ ပိုင်းဖြတ်အပ်ပါကြောင်း။   ။

မြန်မာ့အလင်း