NRPC  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့်အဖွဲ့နှင့် (RCSS)ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ၁၁ မတ်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့်အဖွဲ့ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန( NRPC)၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက မိမိတို့အနေဖြင့် ၂၁-ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မကျင်းပနိုင်မီကာလတွင် ဖြစ်နေသည့် ပြဿနာများကို Damage Control ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီး မကျေလည်သည်များကို အကျေအလည်ညှိနှိုင်းဆွေးနွေးပြီးနောက် တရားဝင်အစည်းအဝေးများ ပြန်စနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့လက်မှတ်ထိုးထားသည့် NCA လမ်းကြောင်းအတိုင်း အစိုးရနှင့် NCN-S-GAO များ နှစ်ဖက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည့် နေရာတွင် အလွတ် သဘောတွေ့ဆုံမှုမျိုး မိမိတို့အနေဖြင့် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါကြောင်း။

၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် NCN-S-GAO ခေါင်းဆောင်များက အလွတ်သဘောဆွေးနွေးမှုတွင် RCSS က ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းမှာ ငြိမ်းချမ်းရေးရှေ့ဆက်နိုင်ရန်အတွက် အစိုးရကိုယ်စားလှယ်နှင့် RCSS အဖွဲ့များထိုင်းနိုင်ငံ ချင်းမိုင်တွင်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးဖြစ်ပြီး နှစ်ဖက်သဘောထားများကို အပြန်အလှန် ကြည့်မြင်ဆွေးနွေးခွင့် ရရှိပါကြောင်း၊ အကျိုးဆက်အနေဖြင့် NRPC- RCSS ဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲများတွင် ကောင်းမွန်သည့် ရလဒ်များကို ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

ဒီမိုကရေဒီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုသည်မှာ NCA စာချုပ် အပိုဒ်-၁ တွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု တရားမျှတမှုတို့ကို အခြခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့််အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ယင်းကို ကတိပြုထားခြင်းဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုများတွင် နားလည်မှု မတူညီမှုများ အမြင်ကွဲပြားမှုများရှိနိုင်ပါကြောင်း၊ လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေး ပွဲတွင် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်နှင့် အစိုးရဘက်က ဖြည့်စွက် ဆောင်ရွက်ပေးရမည့်ကိစ္စများကို တင်ပြပြောကြားပေးရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးက မိမိတို့ အဖွဲ့အနေဖြင့် NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ သို့သော် ရှေ့ဆက်ရန်အတွက် တစ်ဆို့နေမှုများ၊ နားလည်မှုလွဲမှားမှုများကို ဆွေးနွေးရန် ယနေ့ အစည်းအဝေးသို့ လာရောက်ခြင်းဖြစ်ပါကြောင်း၊ တစ်ဆို့နေမှုများတွင် အဓိကမှာ ဖမ်းဆီးအကျဉ်းကျခံနေရမှုများဖြစ်ပြီး ယင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအနေဖြင့် အလေးအနက်ထား စဉ်းစားပေးစေလိုကြောင်း၊ အရပ်သားအချင်းချင်း၊ ရဲဘော်အချင်းချင်းအကြား နားလည်မှုလွဲမှားနေမှုများကိုလည်း တင်ပြလိုပါကြောင်း၊ ရှမ်း အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲကိစ္စသည်လည်း NCA   လမ်းကြောင်းသွားရာတွင် ခုခံနေသည့် အချက်ဖြစ်ပါကြောင်း၊ ပြည်သူ၏ သဘောထားကို မသိရဘဲ ညီလာခံ တက်ရောက်ရန်မှာ အခက်အခဲရှိသည်ကို တင်ပြလိုပါကြောင်း၊ ကြားကာလတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စတွင် အမြင်လွဲမှားမှု များရှိပြီး အရပ်သားများ၊ ရဲဘော်များ အကျဉ်းကျခံရမှုများရှိပါကြောင်း၊ အဆိုပါ ကိစ္စများ ပြေလည်သွားပါက မိမိတို့အဖွဲ့အနေဖြင့် NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်ရန် အခက် အခဲမရှိပါကြောင်းပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဖမ်းဆီး/ အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင် ၃၁ ဦး ပြန်လည်လွတ်မြောက်ရေး၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး၊ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာရသူ (IDP) ကိစ္စ ရပ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်၍ နှစ်ဖက် သဘောထားစုစည်းချက်များ ရယူခြင်းကို ဆောင်ရွက်ကြသည်။

ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးက ယခုဆွေးနွေးပွဲကို အခက်အခဲများအကြားမှ ကြိုးစားခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုလိုဆွေးနွေးနိုင်သည့်အတွက် နိုင်ငံရေး ရင့်ကျက်မှုရသည်ဟု ပြောနိုင်ပါကြောင်း၊ နှစ်ဖက်လုံးက ငြိမ်းချမ်းရေးကို လိုလားပါကြောင်း၊ နောင်တွင် အလွတ်  သဘောဆွေးနွေးမှုများ ဆောင်ရွက်နိုင်ပါက ကောင်းမွန်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦးက ယနေ့ ဆွေးနွေးပွဲတွင် အကြောင်းအရာ ၅ ခုကို ဆွေးနွေးနိုင်ခဲ့ပြီး သဘောထားစုစည်းချက် ၆ ချက်ရရှိခဲ့ပါကြောင်း၊  ဖမ်းဆီး/အကျဉ်းကျ တပ်ဖွဲ့ဝင်များကိစ္စ၊ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးတွင် အစိုးရနှင့်လက်တွဲ လုပ်ဆောင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် နေရပ်ပြန်လည် နေထိုင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည့်အတွက်  အကျိုးရှိပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) စိုင်းငင်းတို့က ယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားကြသည်။

ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး၊ အတွင်းရေးမှူး (၂) စိုင်းငင်း၊ ဦးဆောင်းဟန်၊ စိုင်းဟန်၊ စိုင်းဦး၊ ဦးဒေဝိန်၊ စိုင်းခမ်းစံ၊ ဦးစိဏ်းသျှဲန်မိုင်တို့ တက်ရောက်ကြသည်။

မျိုးမြင့်(သတင်းစဉ်)

 

mdn