နှုတ်ပြောဟန်သုံး  ‘လဲ’ နဲ့ ‘အုံး’

mdn

 

မောင်ခင်မင် (ဓနုဖြူ)

“ဆရာ၊ သမီးက ဂျာနယ်တစ်စောင်မှာ အယ်ဒီတာအဖွဲ့ဝင်ပါ။

“ကျွန်တော်က မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဆောင်းပါးရေးပါတယ် ဆရာ” “ဟုတ်ပါပြီ။ အခုလာကြတဲ့ကိစ္စက..”

“စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတဲ့ စာလုံးပေါင်းသတ်ပုံ သုံးလေးခုရှိနေလို့ ကွဲကွဲပြားပြားသိရအောင် ဆရာ့ဆီ လာတာပါ ဆရာ”

"သမီးနဲ့ သူနဲ့ ဇဝေဇဝါဖြစ်တာချင်း အတူတူပါပဲ ဆရာ။ ဒါကြောင့် နှစ်ယောက်တိုင်ပင်ပြီး လာကြတာပါ”

“ကဲ...ဘယ်စာလုံးပေါင်းတွေလဲကွယ်” ။

“သူလည်းလာတယ်။ ငါလည်းလာတယ်’ ဆိုတဲ့ စကားမှာပါတဲ့ ‘လည်း ရယ်၊ နေပါဦး၊ လာပါဦးဆိုတဲ့ စကားမှာပါတဲ့ “ဦး” ရယ်၊ အဲဒီနှစ်လုံးပါ ဆရာ”

“ဟုတ်ပါပြီ။ ဘယ်လိုဇဝေဇဝါဖြစ်တာပါလိမ့်”

“သမီးတို့က တချို့စာလုံးတွေကို နှုတ်ပြောဟန်နဲ့ ရေးပါတယ်ဆရာ။ အင်တာဗျူးတို့၊ ဆွေးနွေးခန်းတို့လို စာမျိုးတွေပါ။ စကားပြောနေတဲ့ပုံစံမျိုးနဲ့ ရေးပါတယ်။ တချို့စာတွေကျတော့ အသုံးဟန်နဲ့ ရေးပါတယ်။ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေလို စာမျိုးတွေပါ ဆရာ”

“ဒီတော့ ဘာပြဿနာရှိလို့လဲကွယ့်” ။

"နှုတ်ပြောစကားဟန်နဲ့ စာသုံးစကားဟန်ပါ နောက်ဆက်စကားတွေ ကွဲကွဲပြားပြားရှိတာမို့ သူ့နေရာနဲ့သူ သုံးဖို့ သမီးတို့ဆရာတွေက အမြဲလမ်းညွှန်ပါတယ်။ နှုတ်ပြောစကားဟန်နဲ့ရေးရင် ‘တယ်’၊ ‘မယ်’ ‘ရယ်’၊ ‘တဲ့’၊ ‘လို့’ နဲ့ ‘ရဲ့’ ဆိုတဲ့နောက်ဆက်စကားမျိုးတွေ သုံးရမယ်။ စာသုံးစကားဟန်နဲ့ရေးရင် ‘သည်၊ မည်၊ ၏၊ ၍၊ နှင့်’ ဆိုတဲ့ နောက်ဆက်စကားမျိုးတွေ သုံးရမယ်ဆိုတာ  ကွဲကွဲပြားပြားသိပါတယ်။ ဒါပေမယ့် ခုနပြောတဲ့ ‘လည်း’၊ ‘နဲ့၊ ဦး’ ကျတော့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ နှုတ်ပြောဟန်နဲ့ စာသုံးဟန် နှစ်မျိုးမခွဲဘဲတစ်လုံးတည်း ပြထားတာမို့ မကွဲမပြားဖြစ်နေပါတယ် ဆရာ”

“ဘယ်လို မကွဲမပြားလဲကွယ့်”

“ဒီလိုပါ ဆရာ ‘သူလည်းလာမည်’ ဆိုတဲ့ စာဟန် အသုံးကို နှုတ်ပြောဟန်နဲ့သုံးရင် “သူလဲလာမယ်’ လို့ပြောတယ် မဟုတ်လား ဆရာ။ စာသုံးဆိုရင် ‘လည်း’၊ အပြောသုံးဆိုရင် ‘လဲ’ ဆိုပြီး ကွဲကွဲပြားပြားရှိပါတယ်။ ဒါပေမယ့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ‘လည်း’  ပဲပါပြီး ‘လဲ’မပါတော့ စာသုံးဟန်နဲ့ရေးရင် ‘သူလည်းလာမည်” လို့ ရေးရပြီး နှုတ်ပြောဟန်နဲ့ရေးရင် “သူလည်းလာမယ်’ လို့ပဲ ရေးရတာမို့ မကွဲမပြားဖြစ်နေပါတယ် ဆရာ”။

“လာပါဦး’ မှာ ‘ဦး’ ကို စာသုံးအနေနဲ့သုံးပြီး အပြောသုံး ဆိုရင် “လာပါအုံး” လို့ ပြောတယ်မဟုတ်လား ဆရာ။ ဒါပေမယ့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ‘ဦး’ ပဲ ပြပြီး “အုံး’ ကို မပြတဲ့အတွက် စာသုံးဟန်နဲ့ရေးရေး၊ အပြောဟန်နဲ့ရေးရေး ‘လာပါဦး” လို့ပဲရေးမှ မှန်သလို ဖြစ်နေပါတယ် ဆရာ၊ အဲဒါကို ဘဝင်မကျတာပါ။ ။

“သဘောပေါက်ပါပြီ။ စာသုံးဟန်နဲ့ နှုတ်ပြောဟန် ကွဲပြားပြီးသား အဲဒီစကားလုံးတွေကို မကွဲမပြားရေးနေ ရတာ ဘဝင်မကျစရာပေါ့ကွယ်”

“ဟုတ်ပါတယ် ဆရာ”

“မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းက မြန်မာစာအဖွဲ့ က ပညာရှင်တွေ ပြုစုတဲ့ကျမ်းလေ။ ပြီးတော့ ဒီသတ်ပုံ ကျမ်းအတိုင်း လိုက်နာရေးသားဖို့ နိုင်ငံတော်အစိုးရက ၁၉၈၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတာမို့ အဲဒီစာလုံး ပေါင်းသတ်ပုံကျမ်းနဲ့အညီ ရေးလာကြတာ အသားကျနေပါပြီ။ တစ်ဦးချင်းအနေနဲ့ သဘောမတူစရာတွေ ရှိပေမယ့် သတ်ပုံကျမ်းအတိုင်း လိုက်နာရေးရင် တစ်ညီတည်း ဖြစ်တဲ့အတွက် သူတစ်မျိုး ငါတစ်မျိုး ဖြစ်စရာမလိုတော့ ဘူးပေါ့”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ ရှိသေးတယ်။ တချို့စာလုံးပေါင်းတွေက မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ မပါပေမယ့် မြန်မာစာအဖွဲ့ကပဲ ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ရှင်းပြထားလို့ အဘိဓာန်မှာပြတဲ့အတိုင်း လိုက်ရေးနိုင်ပါတယ်။ သာဓကတစ်ခုပြမယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မှာ ‘နဲ့’ ကို ဘယ်လိုပြထားတယ်ဆိုတာ လှန်ကြည့်လိုက် ကြစမ်းပါ”

“ဟုတ်ကဲ့၊ ဟာ ‘နဲ့(နွဲ့၍..)” လို့ပဲ တစ်လုံးတည်း ပြထားပါတယ် ဆရာ”

“အပြောဟန်နဲ့ဆိုရင် “သူနဲ့ငါ” လို့ သုံးတာကို စာသုံး ဟန်နဲ့ သုံးရင် ဘယ်လိုသုံးမလဲ” “သူနှင့် ငါလို့ သုံးပါတယ် ဆရာ” "စာသုံး ‘နှင့်’ က အပြောသုံး ‘နဲ့’ နဲ့ အဓိပ္ပာယ်တူတာပေါ့။ ကဲ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ ‘နှင့်’ ကို ရှာကြည့်စမ်းပါ”

“ဟာ... ‘နှင့်’ ကို မတွေ့ပါဘူး ဆရာ”

“မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းက သတ်ပုံမှား စရာရှိတဲ့ စကားလုံးတွေပဲပြတာမို့ ‘နှင့်’ ကတော့ သတ်ပုံ မှားစရာ မရှိလို့ မပြတာနေမှာပါ”

 

“အဲ...မြန်မာအဘိဓာန်မှာတော့ ‘နှင့်’ ၊ ‘နဲ့’ ရော ဖွင့်ထားတယ်။ “နှင့်” ကိုဖွင့်ရာမှာ ဆရာနှင့်တပည့်” ဆိုတာမျိုးပေါင်းစပ်တဲ့အဓိပ္ပာယ်ရော ‘မသွားနှင့်’ ဆိုတာ မျိုး တားမြစ်တဲ့ အဓိပ္ပာယ်ရော။ “ဓားနှင့်ဖြတ်သည်’ ဆိုတာမျိုး အသုံးခံအဓိပ္ပာယ်ရော ပြထားတာ။ ‘နဲ့’ ကို ဖွင့်ရာမှာတော့ အဲဒီအဓိပ္ပာယ် သုံးမျိုးစလုံး (အပြော) လို့ပြပြီး ‘နှင့်’ နှင့် အတူတူလို့ ရှင်းပြထားတယ်။ ဒီတော့ ‘နှင့်’ ရော ‘နဲ့’ ရော နှစ်မျိုးစလုံး သူ့နေရာနဲ့သူ သုံးနိုင် တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ကွယ်”

"ဟုတ်ကဲ့ပါ"

“ကဲ..သားတို့၊ သမီးတို့ပြောတဲ့ ‘လည်း’ နဲ့ ‘လဲ’ ပြဿနာရောက်ပါပြီ။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မှာ ‘စားလည်းစားပါ” ဆိုတာမျိုးလည်း အသုံးတစ်ခုပဲ ပြထားတယ်။ “လဲ” ကိုတော့ အဲဒီအဓိပ္ပာယ်မဟုတ်ဘဲ “လှဲ၍လဲ၊ အင်္ကျီလဲ” ဆိုတဲ့ အဓိပ္ပာယ်ပဲပြတယ်။ “လည်း" နဲ့တူတဲ့ အပြောသုံး “လဲ” ကို ပြမထားဘူးကွယ့်”

“ဟုတ်ကဲ့ပါ”

“မြန်မာအဘိဓာန်မှာတော့ “လည်း” ကို လဲ လို့ အသံထွက်ကိုပြပြီး “အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း ပြသော စကားလုံး’ လို့ ဖွင့်တယ်။ “လဲ” ကို အသံထွက်အနေနဲ့ပဲ ပြပြီး အပြောမှာသုံးတဲ့ စကားလုံးအဖြစ်မပြတော့ ‘လဲ” ဟာ သတ်ပုံကျမ်းမှာရော၊ အဘိဓာန်မှာရော မပါသလို ဖြစ်နေတာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ ဒီတော့ စကားပြောရာမှာ ‘လဲ’လို့ အသံထွက်လျက် သားနဲ့၊ သတ်ပုံကျမ်းနဲ့ အဘိဓာန်မှာ မပါလို့ ‘လည်း’ လို့ပဲ ရေးနေရတာပေါ့။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ဆွမ်းအုပ်နီနီ’ ကဗျာထဲမှာ “မောင်လဲလိုက်မယ် ချန်မထားနဲ့” လို့ မူလက အပြောဟန်အတိုင်းရေးထားပေမယ့် ခုပုံနှိပ်တော့ ‘မောင်လည်းလိုက်မယ် ချန်မထားနဲ့” လို့ ပုံနှိပ် ရတာပေါ့ကွယ်။ အပြောသုံးဟန်ထဲမှာ စာသုံးဟန် ဝင်ဖောက်သလိုဖြစ်နေတာပေါ့”

“ဟုတ်ကဲ့ပါ

“လာပါဦး” မှာပါတဲ့ “ဦး” က စာသုံးဟန်ပေါ့။ အပြောသုံးဆိုရင် ‘လာပါအုံး”လို့ ပြောတယ်မဟုတ်လား။"

“ဟုတ်ပါတယ် ဆရာ”

“ဒါပေမယ့် သတ်ပုံကျမ်းမှာ ‘ခေါင်းအုံးနဲ့ မီးအုံး’ ပဲ ပါပါတယ် ဆရာ။ “လာပါအုံး” ဆိုတဲ့အသုံး မပါပါဘူး။ အဘိဓာန်မှာရော အဲဒီလိုပဲ “

“ ‘ဦးခေါင်း’ တို့၊ ယောက်ျား နာမည်ရှေ့မှာ ထည့်တဲ့ ‘ဦး’ တို့ပဲ ပါပါတယ်။ ‘လာပါဦး’ မှာ သုံးရတဲ့ ‘ဦး’ က သတ်ပုံကျမ်းမှာရော၊ အဘိဓာန်မှာ ရော မပါပါဘူး ဆရာ”

“သားတို့ သမီးတို့ပြောတာ ဟုတ်ပါတယ်။ မြန်မာ တ်စာမှာ “အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး။ နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး”လို့ (ဦး)နဲ့ပြပြီး အောက်မှာ “ဒိုး” ဟု ဖတ်ပါလို့ မှတ်ချက်ပြထားတာတွေ့မှာပေါ့။ သိပ်အဆင်မပြေဘူးလေ”

“ဟုတ်ပါတယ် ဆရာ၊ ဒါကြောင့် ဆရာ့ဆီလာပြီး ဒီပြဿနာကို တင်ပြတာပါ ။

“ကိုင်း... ကိုင်း သားရော သမီးရော ဘာမှ ဇဝေဇဝါ မဖြစ်ကြနဲ့တော့။ အခု ပြန်သွားတာနဲ့ “မင်းနဲ့ငါ’၊ ‘နေပါအုံး’၊ ‘သူလဲလာမယ်”ဆိုတဲ့ အပြောဟန်အရေးအသားတွေကို တရားဝင် လွတ်လွတ်လပ်လပ်ရေးကြပေတေပေါ့"

“ဟင်၊ သတ်ပုံကျမ်းမှာ ပြဋ္ဌာန်းမထားတဲ့ အဲဒီ သတ်ပုံတွေ ရေးလို့မရဘူး မဟုတ်လား ဆရာ။ ဆရာက ဘာကြောင့် ရေးကြပေတော့လို့ ပြောတာပါလဲ"

“သားတို့သမီးတို့ သတိမထားမိသေးဘူးထင်တယ်။ မြန်မာစာအဖွဲ့ကပြုစုတဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ဒီ၂၀၁၉ ခုနှစ်ထဲမှာ ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေ လိုက်ပြီလေ။ အဲဒီထဲမှာ ဆရာတို့ အခုပြောတဲ့ ‘လဲ၊ အုံး" ဆိုတဲ့ အပြောစကားတွေ ပါလာပြီ”

“ဟင် ဟုတ်လား ဆရာ”

“ဒုတိယအကြိမ် ပုံနှိပ်တဲ့ အမှာစာမှာ မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်းထဲက မူလပြဋ္ဌာန်းထားတဲ့ ဝေါဟာရတွေကို ပြင်ဆင်တာ၊ နုတ်ပယ်တာမလုပ်ဘဲ မူလအတိုင်း ထားတဲ့အကြောင်း၊ ပြည်သူလူထုက အကြံပေးထားတဲ့ ဝေါဟာရတွေကိုတော့ မြန်မာစာအဖွဲ့က စိစစ်ပြီး အဲဒီ ဒုတိယအကြိမ် ပုံနှိပ်ရာမှာ ဖြည့်စွက်ထားကြောင်း ဖော်ပြထားတယ်ကွဲ။ အဲဒီဖြည့်စွက်တဲ့ ဝေါဟာရတွေထဲမှာ  အပြောဝေါဟာရတွေ ပါတယ်လေ။ ဒီတော့ တရားဝင်  အသုံးပြုခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ၊

“.. ဟုတ်ကဲ့၊ ဝမ်းသာပါတယ် ဆရာ”

“အဲဒီဒုတိယအကြိမ် ပုံနှိပ်တဲ့ စာလုံးပေါင်းသတ်ပုံကျမ်းကို မြန်မြန်သွားဝယ်လိုက်ကြပေတော့။ ဪ... ဒီမှာ၊ ဒီမှာ ဆရာပြမယ်။ စာမျက်နှာ ၂၄၂ မှာ လဲ(လည်း) လို့ ပြထားတာ တွေ့တယ်မဟုတ်လား”

“တွေ့ပါတယ် ဆရာ”

“ပထမအကြိမ် ပုံနှိပ်တဲ့ သတ်ပုံကျမ်းမှာ အဲဒီ လဲ (လည်း) မပါဘူး။ “စားလည်းစားပါ” ဆိုတဲ့ ‘လည်း ပဲ ပါတော့ ‘လည်း’ နဲ့ပဲ ရေးရမယ်လို့ အဓိပ္ပာယ်သက်ရောက်တာပေါ့။ အခုတော့ “လဲ” နဲ့ “လည်း အတူတူပဲဆိုတဲ့အဓိပ္ပာယ်နဲ့ လဲ(လည်း) လို့ ပြထား ‘စားလဲစားပါ၊ သူလဲလာမယ်” လို့ အပြောအတိုင်း ရေးလို့ဖြစ်ပြီလေ" “ဟုတ်ကဲ့ပါ”

“အဲဒီလိုပဲ၊ စာမျက်နှာ ၂၉၇ မှာ အုံး(ဦး) လို့ ပြထားတာ တွေ့တယ်မဟုတ်လား။ စာသုံးဟန်ဆိုရင် ‘ဦး’၊ အပြောဟန်ဆိုရင် အုံး” လို့ သုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကြောင့် “အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ အုံး’ လို့ အပြောဟန်အတိုင်း ရေးလို့ရပါပြီ။ “လာပါအုံး” တို့၊ “သွား အုံးမယ်’ တို့ လဲ..အဲ အပြောဆိုတော့ ‘လဲ” လို့ပဲ သုံးတော့ မယ်နော်။ ရေးလို့ရပြီပေါ့ကွယ်။”

“ဝမ်းသာပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ်”။

မြန်မာ့အလင်း