နယ်သာလန်နိုင်ငံ ဟိတ်ဂ်မြို့သို့ ဦးဆောင်သွားရောက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြဝတီမြို့၌ လူထုထောက်ခံပွဲဆောင်ရွက်

articles_advs

မြဝတီ ၁၂ ဒီဇင်ဘာ

နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသား များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားသည့် ကိစ္စအား ဖြေရှင်းရန် နယ်သာလန်နိုင်ငံ၊ ဟိတ်ဂ်မြို့သို့ ဦးဆောင်သွားရောက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လူထုထောက်ခံပွဲကို မြဝတီမြို့၌ ယနေ့ နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုထောက်ခံပွဲ စုရပ်အား မြဝတီမြို့၊ မြစန္ဒီပန်းခြံအတွင်း စတင်ဆောင်ရွက်ရာ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က ထောက်ခံပွဲကျင်းပပြုလုပ်ရခြင်းနှင့် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားသည့်ကိစ္စနှင့် အဆိုပါ ကိစ္စအား ရဲရဲဝံ့ဝံ့ ဦးဆောင်သွားရောက် ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်သူ များရှိနေကြောင်း၊ ထောက်ခံနေပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြဝတီမြို့ ဘုရင့်နောင်လမ်းမကြီးတစ်လျှောက်မှ ဘုရင့်နောင်ဈေးမီးပွိုင့်အထိ လမ်းလျှောက် ချီတက်ကြပြီး ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်ကာ မြရတနာလမ်းမှတဆင့် ဘုရင့်နောင်လမ်းမကြီး အတိုင်းလျှောက်ပြီး We Stand With Daw Aung San Su Kyi ၊ အမေစု ကျန်းမာပါစေ၊ အစရှိသည့် ကြွေးကြော်သံများ ဟစ်ကြွေးပြီး မြစန္ဒီပန်းခြံသို့ ပြန်လည်ရောက်ရှိကာ မွန်းတည့် ၁၂နာရီခန့်တွင် လူစုခွဲကာ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)