နယူးဇီလန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အာဒန်ရဲ့ လေဘာပါတီ သောင်ပြိုကမ်းပြိုအနိုင်ရ

mdn

၁၇ အောက်တိုဘာ

 

နယူးဇီလန်နိုင်ငံက ဒီနေ့(စနေနေ့)မှာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ရဲ့ လေဘာပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရရှိကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်အာဒန်ရဲ့ လေဘာပါတီက လွှတ်တော်ရဲ့ ၁၂၀ နေရာထဲမှ ၆၄ နေရာ ရာခိုင်နှုန်းအားဖြင့် ၄၉ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိကြောင်း သိရပါတယ်။ အဓိကအတိုက်အခံပါတီ နေရှင်နယ်ပါတီက ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့တဲ့အတွက် အတိုက်အခံပါတီက ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံပြောကြားပါတယ်။ ACT New Zealand ပါတီနဲ့ Green ပါတီတွေက ၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်က သူတို့ကို မဲပေးရွေးချယ်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်း၊ နယူးဇီလန်နိုင်ငံကို ပြန်လည်ဦးမော့အောင် လုပ်ဆောင်ဖို့ ယုံကြည်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း သူ့အား ထောက်ခံသူတွေကို ပြောကြားပါတယ်။

 

မဲပေးနိုင်သူ ၃ ဒသမ ၅ သန်းနီးပါးထဲမှာ ၁ ဒသမ ၇ သန်း သို့မဟုတ် တစ်ဝက်နီးပါးဟာ အောက်တိုဘာ ၃ ရက်နေ့ကစပြီး ကြိုတင်မဲပေးထားပြီး ဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ မူလက ရွေးကောက်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိတဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

 

မဲပေးသူအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် မဲတစ်မဲအပြင် နောက်ထပ် ဆန္ဒခံယူပွဲမဲ နှစ်ခုပါ ပေးရမယ်လို့ သိရပါတယ်။ ဆန္ဒခံယူမဲ တစ်မဲမှာ ဆေးဝါးအဖြစ် ဆေးခြောက်ကို တရားဝင်ဖြစ်လာစေရေးနဲ့ euthanasia ကို တရားဝင် လုပ်ခွင့်ပေးရန် ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲရဲ့ မဲရလဒ်တွေကတော့ အောက်တိုဘာ ၃၀ ရက်နေ့လောက်မှ သိရမှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP