ဩစတြေးလျတောမီး ဘယ်လောက်အထိ ဆိုးသလဲ

၁၀  ဒီဇင်ဘာ

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ဩစတြေးလျနိုင်ငံတစ်ဝန်း တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကြောင့် မီးခိုးမြူတွေဖုံးလွှမ်းမှုကို ခံစားခဲ့ကြရသူတွေထဲမှာ ဆစ်ဒနီမြို့က ပြည်သူသန်းပေါင်း များစွာဟာလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလို မီးဘေးသင့်တဲ့ ဇုန်တစ်ခုဖြစ်သွားတဲ့နေရာရဲ့ အပြင်ဘက်မှာရှိနေတဲ့ ဆစ်ဒနီပြည်သူတွေအဖို့ သိပ်ပြီးစိုးရိမ်ပူပန်ဖွယ်ရာမရှိသယောင် ထင်ရပေမယ့် တောမီးကြောင့် ပေါ်ထွက်လာတဲ့ မီးခိုးငွေ့တွေရဲ့ အန္တရာယ်ကိုတော့ ပေါ့သေးသေးတွက်ဆထားလို့ မရနိုင်ပါဘူး။ နောက်ပြီးတော့ အဲဒီမီးခိုးငွေ့ဟာ စီးကရက်သောက်တာထက် ပိုဆိုးတယ်ဆိုတာ တကယ်ပဲလားဆိုတာကိုလည်း သိရှိဖို့လိုအပ်လာပါတယ်။

ဘယ်သူတွေကို ထိခိုက်စေသလဲ

ဩစတြေးလျနိုင်ငံတစ်ဝန်း အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေတဲ့ တောမီးဟာ လူဦးရေ ထူထပ်သိပ်သည်းတဲ့ ဧရိယာတွေဆီကိုပါ မီးခိုးငွေ့တွေ ပျံ့လွင့်ရောက်ရှိစေခဲ့ပါတယ်။ နိုင်ငံ့အကြီးဆုံး မြို့တော်ဖြစ်တဲ့ ဆစ်ဒနီမှာ ဒေသခံပြည်သူတွေဟာ မီးခိုးငွေ့တွေရဲ့ဒဏ်ကို ခံနေခဲ့ရတာ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ မြို့ရဲ့လေထုအရည်အသွေးဟာဆိုရင် တချို့နေရာတွေမှာ အန္တရာယ်ရှိတယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန်လာခဲ့ပါပြီ။ ဒါကြောင့် ဆေးရုံတက်ရောက်ရတဲ့သူ အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မီးခိုးငွေ့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲဖြစ်နေတဲ့ ရာနဲ့ချီတဲ့လူနာတွေကို ဆေးအဖွဲ့သားတွေက ကုသပေးနေကြရတယ်လို့ သိရပါတယ်။ ပြည်သူ ၁ ဒသမ ၃ သန်းနေထိုင်ရာ Adelaide မြို့မှာဆိုရင်လည်းပဲ ပြီးခဲ့တဲ့လက အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုအခြေအနေကြောင့် ဒေသခံပြည်သူတွေကို အိမ်ထဲမှာပဲ နေထိုင်ကြဖို့ သတိပေးနှိုးဆော်ခဲ့ရပါတယ်။

ဘယ်လိုဒုက္ခပေးသလဲ

တောမီးလောင်ရာကနေ ထွက်ပေါ်ပျံ့လွင့်လာတဲ့ မီးခိုးတွေဟာ စက်မှု လုပ်ငန်းတွေကြောင့်ဖြစ်ရတဲ့ လေထုညစ်ညမ်းမှု အခြေအနေလောက်တော့ မဆိုးဘူးဆိုပေမယ့် အန္တရာယ်ရှိနေသေးတာ ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆ နေလို့မဖြစ်ဘူးလို့ ဆစ်ဒနီရှိ ဆေးဘက်နည်းပညာတက္ကသိုလ်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဗေဒကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ ဘရိုင်ယန်အိုလီဗာက အထူးသတိပေးခဲ့ပါတယ်။

တစ်စုံတစ်ခု မီးလောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ ဘယ်လိုမီးခိုးငွေ့မျိုးဖြစ်စေ ဘေးဥပဒ်အန္တရာယ်ရှိတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။ ဒီအန္တရာယ်ရှိမှုက သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ သစ်ပင်တွေ၊ သစ်ရွက်တွေနဲ့ တခြား ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကနေလာပြီး သေးငယ်တဲ့ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေ၊ ရေခိုးရေငွေ့တွေ ပေါင်းစပ်ပါဝင်သွားတယ်။ ဓာတ်ငွေ့ဆိုရာမှာ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် အောက်ဆိုက် စတာတွေပါပြီး ဒါတွေက မီးလောင်မှုနဲ့ပိုနီးတဲ့နေရာမှာ အများဆုံးရှိနေတဲ့ အရာတွေချည်းပဲလို့ ၎င်းက ဆိုပါတယ်။ ဆစ်ဒနီမြို့မှာဆိုရင် ကုန်းတွင်းပိုင်းကနေ ၁၅၀ကီလိုမီတာ (၉၃ မိုင်) အကွာမှာရှိတဲ့ မီးတောက်တွေကနေ ထွက်လာတဲ့မီးခိုးငွေ့တွေ ရောက်ရှိလာတာဖြစ်ပြီး တိုက်လေနဲ့အတူ အင်မတန် ကျယ်ပြောတဲ့ အကွာအဝေးအထိ ရောက်ရှိသွားနိုင်တဲ့ အာလ်ထရာဖိုင်းခေါ် အမှုန်အမွှားတွေထဲမှာ အန္တရာယ် အရှိဆုံးအရာတွေ ပါဝင်နေတယ်လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

လေထုအရည်အသွေးအခြေအနေ

PM 2.5 လို့ ကမ္ဘာတစ်ဝန်းက သိထားကြတဲ့ အမှုန်တွေကို လူ့မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်ပါဘူး။ ဒီအမှုန်တွေဟာ ခဲလိုမာတုပစ္စည်းတွေမှာ ပါဝင်နေပြီး အဆုတ်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်သွားနိုင်တဲ့အတွက် စိုးရိမ်စရာအကောင်းဆုံး အမှုန်တွေလို့ ပြောရမှာဖြစ်ပါတယ်။ ဩစတြေးလျရဲ့ လေထုအရည်အသွေး စံနှုန်းသတ်မှတ်မှုအရ တစ်ကျူဘစ် ( မီတာမှာ PM 2.5 ပါဝင်မှုဟာ တစ်ကျူ ဘစ်မီတာမှာ ရှစ်မိုက်ခရိုဂရမ်ဆိုရင် အန္တရာယ်ကင်းစင်တဲ့ လေထုအဖြစ် သတ်မှတ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စီးကရက်တစ်လိပ် သောက်လိုက်တိုင်းမှာ PM 2.5 ထုတ်လွှတ်မှုဟာ တစ်ကျဘစ်မီတာမှာ ၂၀ မိုက်ခရိုဂရမ်အထိ ရှိပါတယ်။ မကြာသေးမီက တိုင်းတာမှတ်သားထားမှုတွေအရဆိုရင် ဆစ်ဒနီမှာ PM 2.5 ပါဝင်မှုဟာ ၇၃၄ မိုက်ခရိုဂရမ်အထိ ရှိခဲ့ပြီး စီးကရက် ၃၇ လိပ်နဲ့ ညီမျှနေပါတယ်။

အနီးကပ်ထိတွေ့ရသူများ

ပြီးတော့ နောက်တစ်ချက်က တောမီးလောင်တဲ့အခါမှာ အဲဒီမီးတောက်တွေနဲ့ နီးနီးကပ်ကပ်ထိတွေ့ရတဲ့ ပြည်သူတချို့နဲ့ အထူးသဖြင့် မီးသတ်ကယ်ဆယ်ရေး အဖွဲ့သားတွေမှာဆိုရင် အဲဒီအမှုန်တွေနဲ့ ထိတွေ့မှုနှုန်းက ၁၀ ဆကနေ ၁၅ ဆအထိ ပိုမြင့်မားတာကြောင့် အဲဒီလူတွေမှာ အထူးသတိထားဖွယ် ဖြစ်တယ်လို့ တွဲဖက်ပါမောက္ခ မစ္စတာအိုလီဗာက တွက်ချက်ပြခဲ့ပါတယ်။ ဆစ်ဒနီမြို့ရဲ့ တချို့ရိယာတွေမှာ လေထုအရည်အသွေး အညွှန်းကိန်း။ | အိုဇုန်းလွှာအခြေအနေနဲ့ တခြားဓာတုပစ္စည်းတွေ ပါဝင်မှုစတာတွေကို ထည့်သွင်းတိုင်းတာတဲ့အခါ ပြီးခဲ့တဲ့လက သည်းမခံနိုင်တဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့တယ်ဆိုတဲ့ နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုအခြေအနေကိုတောင် ကျော်လွန်နေခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအပေါ်သက်ရောက်မှုများ

ဒီလိုအခြေအနေတွေ ကြုံလာရပြီဆိုတဲ့အခါမှာ ကျန်းမာသန်စွမ်းလှပါတယ်ဆိုတဲ့ သူတွေတောင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အသေးစား ပြဿနာလေးတွေရှိလာပြီး မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်တို့မှာ ဓာတ်မတည့်တဲ့ ဝေဒနာတွေခံစားရနိုင်ပါတယ်။ အထိခိုက်မခံနိုင်ဆုံးကတော့ အထူးသဖြင့် ကလေးတွေ၊ က်ကြီးပိုင်းတွေနဲ့ ဆေးလိပ်သောက်သုံးသူတွေပါပဲ။ နာတာရှည် ပန်းနာရင်ကျပ်ရောဂါရှိသူတွေ၊ နှလုံးရောဂါသည်တွေနဲ့ အဆုတ်အားနည်းသူတွေမှာလည်းပဲ ရင်ဘတ်မှာ တင်းကျပ်နေခြင်းနဲ့ အသက်ရှူကျပ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အသက်တိုစေ

ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်အရဆိုရင် လေထုထဲမှာ အန္တရာယ်ရှိတဲ့အမှုန်တွေ ဆိုးဆိုးရွားရွာ ပါဝင်လာပြီဆိုတဲ့အခါ ခါတိုင်းတပ်ဆင်နေကျ နှာခေါင်းစည်းတွေကလည်း အသုံးမဝင်တော့ဘူးလို့ သိရပါတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ လေထုညစ်ညမ်းမှု အပြင်းအထန်ဖြစ်ပွားနေတဲ့ ယခုရက်သတ္တပတ်တွေအတွင်း အိမ်ပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် တော်တော်များများက အဲဒီအကြံပြုချက်ကို မလိုက်နာကြဘူးလို့ သိရပါတယ်။

အသက်ရှူရတာခက်ခဲမှုက ကံမကောင်းရင် အသက်တိုတဲ့အထိ ဖြစ်စေနိုင်တယ်လို့ မစ္စတာအိုလီဗာကလည်း ထောက်ပြထားပါတယ်။ တောမီးလောင်မှုကြောင့်ဖြစ်ရတဲ့ လေထုညစ်ညမ်းမှုက မော်တော်ယာဉ်တွေနဲ့ စက်မှုလုပ်ငန်းတွေကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုလောက်တော့ ကြာရှည်စွာထိခိုက်စေခြင်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ မိုးလေ၀သဆိုင်ရာ အပြောင်းအလဲတစ်ခုခု ( ဥပမာ မိုးရွာသွန်းလိုက်တာမျိုးကြောင့် လေထုညစ်ညမ်းမှုကို ဖယ်ရှားလိုက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။

ဒါပေမယ့် တောမီးလောင်တဲ့ကိစ္စတွေ ဖြစ်နေခဲ့တာဟာ ရက်သတ္တပတ်များစွာ ကြာမြင့်နေခဲ့ပြီဖြစ်တဲ့အပြင် ချက်ချင်းကြီးတော့ ပြီးဆုံးသွားမယ့် အနေအထားမျိုးမရှိဘူးလို့ အာဏာပိုင်တွေက အသိပေးလျက်ရှိပါတယ်။ အကယ်၍သာ မီးခိုးမြူတွေ လျော့ပါးပျောက်ကွယ်သွားဖို့ ဆက်ပြီး အချိန်ကြာနေဦးမယ်ဆိုရင်တော့ နောက်ဆုံးမှာ စီးကရက်သောက်သုံးမှုတွေကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးအတိုင်း တစ်ပုံစံတည်း ခံစားရလိမ့်မယ်။

စီးကရက်ဆိုတာဟာ ကျွန်ုပ်တို့က တမင်သက်သက်ကို ရှူသွင်းနေတဲ့ အရာတစ်ခုဖြစ်သလိုပဲ တောမီးဟာလည်း အဲဒီလို ရှူသွင်းနေရတဲ့ အခိုးအငွေ့ ပုံစံနောက်တစ်မျိုး ဖြစ်နေတာကြောင့် ကျန်းမာရေးကို သက်ရောက်ပုံချင်း ၊ တူညီနေတာ အံ့ဩစရာမရှိဘူးလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ကျွမ်းကျင်သူပညာရှင် မစ္စတာအိုလီဗာက ပြောကြားခဲ့ပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-ဘီဘီစီ