ပဲခူးရိုးမတောင်ပေါ်တွင် တောဆင်ရိုင်းကြောင့် အမျိုးသားတစ်ဦးသစ်ကိုင်းနှင့် ရိုက်မိပြီးသေဆုံး

ကျောက်တံခါး    ၂၀   စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲခူးရိုးမ တောင်ပေါ်ဒေသ(၁)မိုင်တွင် စက်တင်ဘာ(၁၈)ရက် ညနေ၅နာခွဲခန့်က တောဆင်ရိုင်းကြောင့် အမျိုးသားတစ်ဦး သစ်ကိုင်းနှင့်ရိုက်မိကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ်ဒေသအခေါ် (၁မိုင်)ရဲနွယ်ကြိုးဝိုင်း အကွက်အမှတ်(၉၄) ဆင်ရေကန် (ဆင်စခန်း)တွင် မွေးမြူထားသော ဆင်အုပ်အတွင်းသို့ တောဆင်ရိုင်းများ ဝင်ရောက်လာစဉ် သစ်ကိုင်းများနှင့်ရိုက်မိပြီးလူတစ်ဦးသေဆုံးနေကြောင်း အဆိုပါစခန်း ဆင်အုပ်လုပ်သူ အောင်မြင့်(ခ)ဖိုးပြား၊ ဒညင်းကုန်းကွက်သစ် မြို့ချောင်းကျေးရွာအုပ်စုနေသူမှ စတင်တွေ့ရှိပြီးဖုန်းဖြင့် ဆက်သွယ်သတင်းပေးချက်အရ ဖဒိုနယ်မြေစခန်းမှူး ရဲအုပ်အောင်မြင့်ဦး နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်အရပ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

တောဆင်ရိုင်းများဝင်အောင်းရာမှ ဘေးတွင်ရှိသောသစ်ကိုင်းများဖြင့်ရိုက်မိ၍ သေဆုံးသူမှာ ဦးမြင့်စိုး(၅၅)နှစ် ပဲခူးရိုးမတောင်ပေါ်(၁မိုင်)မြို့ချောင်းကျေးရွာအုပ်စုနေသူဖြစ်ပြီး ၄င်းသည် စက်တင်ဘာလ(၁၈)ရက် မွန်းလွဲ ၁နာရီခွဲခန့်က ဆင်ရေကန်တွင် အတူနေသူ ဦးလှမင်း၊ ကျော်သူစိုး၊ မျိုးမြင့်ဆင်ဦးစီးတို့နှင့်အတူ တောဆင်ရိုင်းအုပ်အတွင်းရှိ ဆင်ရေကန်တွင် မွေးမြူထားသော ဆင်များအား ဝင်ရောက်ခေါ်ဆောင်ခဲ့ပြီး ဆင်ရိုင်းများအား မောင်းထုတ်စဉ် တောဆင်ရိုင်းတစ်ကောင်မှာ သေဆုံးသူ ဦးမြင့်စိုးနှင့်မျက်နှာချင်းဆိုင်တွေ့ပြီး ဝင်အောင်းစဉ် ဘေးရှိ သစ်ကိုင်းဖြင့် ရိုက်မိပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးအနည်းငယ်နှင့် အမြုပ်များထွက်ကာ ဦးခေါင်းနောက်စေ့(၃)လက်မ ပေါက်ပြဲဖူးရောင် ဒဏ်ရာ(၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)