ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ(၁/၂၀၂၂) အစည်းအဝေး ပြုလုပ်

ပဲခူး   ဇန်နဝါရီ   ၂၂

ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးဝင်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင်ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ ခွင့်ပြုချထား ပေးရာတွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်ကြီးကြပ်ဆောင်ရွက်သွားရန်” လမ်းညွှန်မှာကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က Myanmar Agro Eagle Co., Ltd အော်ဂဲနစ် ကွန်ပေါင်း ဓာတ်မြေဩဇာအမျိုးမျိုး ထုတ်လုပ်နိုင်ရေး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ အတည်ပြုမိန့်လျှောက်ထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် De Hus Myanmar Limited နှင့် WIAWIS Myanmar Co., Ltd  တို့မှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခွင့်ပြုရန် တင်ပြမှုများပေါ် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆုံးဖြတ်ပေးသည်။

အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏငွေ ကျပ် ၅ ဒသမ ၉ ဘီလီယံခန့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော် စီးဝင်လာမည်ဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၂၈၀ ကျော် ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှမှု အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၄၈၃ သန်းနှင့် မြန်မာငွေ ကျပ် ၈၃၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၄၇၉၀၃ ဦး ဖန်တီးပေးနိုင်ခဲ့သည်။

တင်စိုး(ပဲခူး)