ပဲရစ်မာရသွန် ၂၀၂၀ ကို ဖျက်သိမ်း

၁၂ ဩဂုတ်

 

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကြ ပဲရစ်မာရသွန် ၂၀၂၀ ကို ဖျက်သိမ်းကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေတာကြောင့် ကျင်းပရန် မဖြစ်နိုင်တော့တဲ့အတွက် ဖျက်သိမ်းတာဖြစ်ကြောင်း ကျင်းပရေးကော်မတီက ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကြေညာလိုက်ပါတယ်။

 

ပဲရစ်မာရသွန်ဟာ ဧပြီ ၅ ရက်နေ့မှာ ကျင်းပနေလေ့ရှိပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့် နိုဝင်ဘာ ၁၅ ရက်နေ့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ဩဂုတ် ၁၂ ရက်နေ့မှာတော့ ၂၀၂၀ ပဲရစ်မာရသွန်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

နယူးယောက်၊ ဘော့စတွန်၊ ချီကာကိုနဲ့ ဘာလင် မာရသွန်တွေဟာလည်း ဒီနှစ်အတွက် ဖျက်သိမ်းထားကြောင်း ကြေညာပြီးဖြစ်ပါတယ်။

 

လန်ဒန်မာရသွန်ကတော့ လူပေါင်း ၄၅,၀၀၀ ပါဝင်တဲ့ ပြိုင်ပွဲမလုပ်နိုင်တဲ့အတွက် နာမည်ကြီး အားကစားသမားတွေသာ ပါဝင်တဲ့ပြိုင်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

 

MDN

ကိုးကား- AFP