ပျော်ဘွယ်၊ နောင်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ ထောက်ခံချက်အတုများတွေ့ရှိ

နေပြည်တော်   ၂၈  နိုဝင်ဘာ

ပျော်ဘွယ်၊ နောက်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ ထောက်ခံချက်အတုများ တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တပ်ကုန်းမြို့နယ် ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် 9A/XXXX Dyna ယာဉ်မှ ယာဉ်မောင်း ဦးစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ၊ ရမည်းသင်းမြို့နယ် နေသူနှင့် 8M/XXXX Canter ၆ ဘီးယာဉ်မှ ယာဉ်မောင်း/ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲရပ်ကွက်၊ ပျော်ဘွယ်မြို့နေသူတို့အား ပေပင်လေး စစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ်အား မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ်ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ်ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့တိုက်ဆိုင် စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက်လက်မှတ်မှာ အတုဖြစ်သည်ဟု သိရကြောင်း။

၎င်းတို့အား စစ်မေးချက်အရ ထောက်ခံချက်(အတု)များအား ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ် တာဝန်ကျ ရန်လင်းဦးထံမှရယူခဲ့ကြောင်း သိရပြီး ၎င်းနေ့ညတွင် ရန်လင်းဦးအား ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက် ၌ ဖမ်းဆီးရမိခဲ့ရာ ရှမ်းပွဲရပ်ကွက်ရှိ "ငွေစတား" ကွန်ပျူတာဆိုင်မှ ထက်အောင်(၂၆)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရ၍ နိုဝင်ဘာ ၂၆ ရက်တွင် ထက်အောင်အား "ငွေစတား" ကွန်ပျူတာဆိုင်၌ Samsung တံဆိပ်ပါ မော်နီတာ ၁ လုံး၊ Mega Power System Box ၁ လုံး၊ Epson L-805 ကာလာပရင်တာ ၁ လုံး၊ Canon L-100 ပရင်တာ ၁ လုံး ဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

အလားတူ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးစစ်ဆေး ရေးဂိတ်၌ မန္တလေးမှလားရှိုးသို့ တင်ဇော်လေး ချမ်းအေးသာစံမြို့နယ်နေသူ မောင်းနှင်သော DD/XXXX AD Van ယာဉ်အားစစ်ဆေးရာ မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း ထောက်ခံချက်စာရွက်အား ၎င်းကိုယ်တိုင် အတု ပြုလုပ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

ထို့အတူ ညနေပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဦးဝင်းအောင် လှည်းကူး မြို့နယ်နေသူပါ အမျိုးသား ၂ ဦးသည် Cokaspa ကုမ္ပဏီမှ 6Q-XXXX ကွန်တိန်နာယာဉ်ဖြင့် အသီးအရွက်နှင့် အသားငါးများ တင်ဆောင်ရောက်ရှိလာသဖြင့် ကျန်းမာရေးမှူးနှင့်အဖွဲ့က စစ်ဆေးရာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးချက်ထောက်ခံချက် စာရွက်မှာ အတုဖြစ်နေသည်ကို တွေ့ရှိရ၍ ဆက်လက်စိစစ်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကို အလေးထားကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း ယခုကဲ့သို့ အတုအပပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်