ပြောင်းသီးနှံတွင် ဖောငမြှောင်တောင် ကျရောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကာကွယ်နှိမ်နင်းခြင်း



ကျော်သက် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
အစေ့ထုတ်ပြောင်း  (Zea mays L.) သည် တောင်သူ့ဝင်ငွေ နှစ်ဆတိုးစေရန်အတွက် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်ပြီး လူတို့စားသုံးရန်နှင့် တိရစ္ဆာန်စာ၊ ကျွဲ၊ နွားစာနှင့် စက်မှုကုန်ကြမ်းများအတွက် အရေးအကြီးဆုံး နှံစားသီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပြောင်းသီးနှံသည် အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းအတွက် အာဟာရနှင့် စားနပ်ရိက္ခာ ဖူလုံစေရေးတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်။  
ပြောင်းသီးနှံတွင်   ဖျက်ပိုးမျိုးစိတ်ပေါင်း  ၂၀၀ ခန့် ကျရောက်ကြောင်း    တွေ့ရှိရပြီး     ဖျက်ပိုးများကို အမျိုးအစား ခွဲခြားရာတွင် -
(၁) ပင်စည်ထိုးပိုးများ (stalk borers/ stem borers) 
(၂)  စုပ်ယူစားသောက်၍      ဖျက်ဆီးသော   ပိုးများ (Sucking insects) 
(၃) အရွက်စားသော   ဖျက်ပိုးများ  (leaf feeders) ဟူ၍ ခွဲခြားထားပါသည်။
ယင်းဖျက်ပိုးများအနက်မှ        ပြောင်းသီးနှံတွင် ဆိုးရွားစွာ ကျရောက်တတ်ပြီး အရွက်စားဖျက်ပိုး တစ်မျိုး ဖြစ်သော    ဖောငမြှောင်တောင်   (Fall    Armyworm-  FAW)   (Spodoptera  frugiperda)    အကြောင်းကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။ 
ဖောငမြှောင်တောင် ပျံ့နှံ့ရွေ့လျားခြင်း 
ဖောငမြှောင်တောင်သည်   အမေရိက   အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် စတင်ခဲ့ပြီး၊ ၁၇၉၇ ခုနှစ် ကတည်းက အမေရိကန်နိုင်ငံတွင် သီးနှံဖျက်ပိုးတစ်ခု အဖြစ် သိရှိခဲ့သည်။ ဖောငမြှောင်တောင် ဖလံများသည် တစ်ညလျှင်  ၁၀၀ ကီလိုမီတာ   ပျံသန်းနိုင်ခြင်းကြောင့် နိုင်ငံအတော်များများကို  ကျူးကျော်ဝင်ရောက်ခဲ့သည်။ ဖောငမြှောင်တောင်သည် အာဖရိကနှင့် ကပ်လျက်တည်ရှိ သည့် Yemen မှတစ်ဆင့်  အာရှသို့   ၂၀၁၈   ခုနှစ်တွင် ဝင်ရောက်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၌ ၂၀၁၈ ခုနှစ် မေလတွင် လည်းကောင်း၊ နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေသည့် သီရိ လင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့သို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင်   ထိုင်းနိုင်ငံနှင့်   နိပေါနိုင်ငံ၊ ၂၀၁၉  ခုနှစ်တွင် တောင်ကိုရီးယားနှင့်   ဂျပန်နိုင်ငံတို့တွင်  ပျံ့နှံ့ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ 
လက်ခံပင်အမျိုးအစားများ    
ဖောငမြှောင်တောင်သည် သီးနှံဖျက်ပိုး   တစ်မျိုးဖြစ် သည်။ ဖောငမြှောင်တောင်  နှစ်မျိုး ရှိပြီး၊ ပြောင်းနှင့်  အခြားနှံစားသီးနှံတွင် ကျရောက်သော မျိုး ( Corn strain “C”) နှင့်   စပါးနှင့်    မြက်မျိုးနွယ်ဝင် အပင်များတွင်  ကျရောက်တတ်သောမျိုး  (Rice strain “R”) တို့ဖြစ်ကြ သည်။ Corn strain “C” သည် နှံစား ပြောင်း၊ အစေ့ ထုတ်ပြောင်းနှင့်    ဝါသီးနှံတို့အဓိက   စားသုံးပြီး  Rice strain “R” စပါးနှင့် turf  မြက်မျိုးများကို အဓိက စားသုံး ကြသည်  (Juarez et al. 2014, Nagoshi and Meagher 2016)။ 
အမျိုးအစားခွဲခြားခြင်း
ဖောငမြှောင်တောင်             လောက်ကောင်သည် ကျောဘက်ပိုင်း အဆစ်တိုင်းတွင် အနက်ရောင်  အစက် လေးစက်နှင့်တကွ    မီးခိုးရောင်၊   သံလွင်ရောင်၊  သံရောင်၊ အစိမ်းရောင်ကလေး     စတင်ထွက်လာသည်။  ၎င်း၏ ကျောဘက်တွင်    အောက်ဘက်သို့     ဆင်းသွားသော အဝါနှစ်ရောင်    အစင်းသုံးစင်းပါရှိသည်။    ဖောငမြှောင် တောင်သည် အမြီးဘက်အဆုံး ကျောဘက်အဆစ်- ၈ တွင် လေးထောင့်ကျကျ အနက်ရောင်အစက် လေးစက်ပါ ရှိခြင်းဖြင့်လည်းကောင်း၊ ကျောဘက် အဆစ်- ၉တွင် စတုဂံ     ပုံပြားပြားသဏ္ဌာန်   ရှိခြင်းဖြင့်လည်းကောင်း၊ အခြားသော ငမြှောင်တောင်များနှင့်  အလွယ်တကူ ခွဲခြား နိုင်သည်။  ဦးခေါင်း၌     မျက်လုံးများကြားတွင် သိသာ ထင်ရှားသော အဖြူရောင်  “Y”   ဇောက်ထိုးပုံ ရှိပါသည်။ ဖလံအထီးတွင် သိသာထင်ရှားသော အမှတ်အသား နှစ်ခု အဖြစ်    ရှေ့တောင်ပံအလယ်တွင်  သမင်ရောင် အစက် အပြောက်နှင့်    ရှေ့တောင်ပံအနားထိပ်တွင် အဖြူရောင် အကွက်တစ်ကွက်  ပါရှိသည်။ ဖလံအမ၏ ရှေ့တောင်ပံ သည် အရောင်မှိန်၍ ဖျော့သည်။
ဖောငမြှောင်တောင်၏ ဘဝစက်ဝန်း
ဖောငမြှောင်တောင်     ဖလံအမတစ်ကောင်သည် ဥတစ်ထောင်ကျော်ကို   တစ်လုံးချင်းသော်လည်းကောင်း၊ တစ်လုံးချင်းအစုလိုက်သော်လည်းကောင်း ဥဥလေ့ရှိပြီး ဥမြုံများကို   အမွေးများဖြင့်   ဖုံးအုပ်ထားသည်။ ဥမှ အကောင်ပေါက်ရန်   လေးရက်မှ  ခြောက်ရက်နီးပါးအထိ ကြာတတ်သည်။   ပေါက်ခါစ     အကောင်ငယ်များသည် ပေါက်ဖွားသည့်နေရာမှ  အပင်အရွက်နုများ၏  အောက် မျက်နှာပြင်ကို စားသောက်ရန် အုပ်စုလိုက် ပျံ့နှံ့သွားသည်။ ၁၄ ရက်မှ ၁၇ ရက်အတွင်းတွင် လောက်ကောင်ငယ်များ ကြီးထွားမှု အဆင့် ခြောက်ဆင့် တွေ့ရသည်။ ထို့နောက် ရုပ်ဖုံးပြုလုပ်ကြသည်။  ရုပ်ဖုံးသည်     နီညိုရောင်ရှိပြီး အကောင်ကြီးထွက်လာရန်    ခုနစ်ရက်မှ   ရှစ်ရက်အထိ ကြာတတ်သည်။ အကောင်ကြီးသည်  သုံးရက်မှ ခြောက် ရက်အထိ အသက်ရှင်နိုင်သည်။ စုစုပေါင်း ဘဝစက်ဝန်း ကြာချိန်မှာ ရက် ၃၀ မှ ၃၄ ရက်အထိ ဖြစ်ပါသည်။
ဖျက်ဆီးမှု လက္ခဏာများ 
အကောင်ပေါက်များသည်  အရွက်နုများကို ရိုးတံ ချည်းကျန်အောင် ခြစ်စားကြပြီး ဖောက်ထွင်းမြင်နိုင်သော အလွှာဖြစ်သည်အထိ   ဖျက်ဆီးစားသောက်ကြသည်။ နောက်ပိုင်းတွင် အရွက်ကတော့ အတွင်းသို့ ဝင်ရောက် ကြ၍  အရွက်များအကြား   စားသောက်ဖျက်ဆီးသည်။  တတိယအဆင့်     အကောင်ငယ်သည်  အရွက်များကို ဖျက်ဆီးပြီး    အရွက်ကတော့အတွင်း၌   မစင်အညစ် အကြေးများစွာကိုလည်း    တွေ့ရသည်။   အပင်ပိုင်း ကြီးထွားမှုအဆင့်    ဖျက်ဆီးမှုသည်   အရွက်ပျက်စီးမှု ဖြစ်စေသော်လည်း အသီးအနှံဖွံ့ဖြိုးမှုအဆင့်တွင် ဖြစ်ပေါ် ပါက    ပြောင်းဖူးအမြိတ်များကို   ထိခိုက်နိုင်သည်။ (သို့မဟုတ်) ပြောင်းဖူးထဲသို့ဝင်၍ ပြောင်းဖူးစေ့များကို စားသောက်ဖျက်ဆီးပစ်သည်။  ထို့ကြောင့်  အရည်အသွေး ရော အထွက်နှုန်းပါ ကျဆင်းစေသည်။
ပြောင်းသီးနှံတွင်   ဖောငမြှောင်တောင် ကျရောက်မှု အတွက်  ဘက်စုံကာကွယ်နှိမ်နင်းမှုများ  (Integrated Pest Management - IPM) အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ 
ကွင်းဆင်းစစ်ဆေးခြင်း
စောစောသိရှိပြီး         စောစောနှိမ်နင်းခြင်းသည် ဖောင်ငမြှောင်တောင်၏    ဆောင်ပုဒ်တစ်ခု   ဖြစ်သည်။ ငမြှောင်တောင်ကျရောက်မှု စောစီးစွာနှိမ်နင်း နိုင်ရန်  ဖလံများ         စတင်ရောက်ရှိလာပါက      ဟော်မုန်း ထောင်ချောက်များကို တစ်ဧကလျှင် လေးခု နှုန်းထားရှိ၍ ကြိုတင်စစ်တမ်းကောက်ယူထားရမည်။   တစ်နေ့လျှင် ဟော်မုန်းထောင်ချောက်တစ်ခုလျှင်   ဖလံ တစ်ကောင် ဖမ်းမိပါက (သို့မဟုတ်) သီးနှံတွင်  ၅ ရာခိုင်နှုန်း  ပျက်စီးမှု  တွေ့ရပါက ဥပေါက်နှုန်း လျော့ကျစေရန်၊ လောက်ကောင် ငယ်များ အစာစားလိုစိတ်   လျော့ကျစေရန်၊   တိုက်ရိုက် သေစေရန်နှင့် ဥဥမည့် အမများ မလာရောက်စေရန်အတွက် ကနဦး ကာကွယ် နှိမ်နင်းမှုအဖြစ် ၅ ရာခိုင်နှုန်း တမာစေ့ ကြိတ်ဖတ်စစ်ထုတ်ရည် (သို့မဟုတ်) Azadiractin , 1500 ppm (1 Lit/ac) ကို ၅ မီလီလီတာ/   လီတာနှုန်းဖြင့် ပက်ဖျန်းပေးရပါမည်။
စစ်တမ်းကောက်ယူခြင်း
ဖောငမြှောင်တောင်  ဖျက်ဆီးမှု   အပင်အနည်းငယ် တွေ့ရှိရုံမျှဖြင့် ဆေးဖျန်းရန် ညွှန်ကြားမှု မလိုအပ်ပါ။  ကာကွယ်နှိမ်နင်းမှုပြုလုပ်ရမည့် စီးပွားရေးအရ ထိခိုက် နိုင်သော  အခြေအနေသည်  သီးနှံသက်တမ်းအလိုက် မြင့်တက်လာသည်။   စီးပွားရေးအရ   ထိခိုက်နိုင်သော ကာလအတွက်    ကာကွယ်နှိမ်နင်းမှု    ပြုလုပ်ရမည့် အခြေအနေကိုသိရှိရန်   သီးနှံစိုက်ခင်း  တစ်ကွင်းလုံးကို ကိုယ်စားပြုနိုင်သည့် လမ်းလျှောက်မှုပုံစံဖြင့် နမူနာပင် များကို    သေချာလေ့လာ    စစ်တမ်းကောက်ယူခြင်းဖြင့် သိရှိနိုင်သည်။   
စိုက်ရေးပျိုးရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ
စိုက်ရေးပျိုးရေးဆိုင်ရာ    လုပ်ကိုင်ဆောင်ရွက်မှု များတွင်   လယ်ယာထွန်ယက်ခြင်းအပြင်  သီးညှပ် စိုက်ပျိုးခြင်း၊ ထောင်ချောက်သီးနှံစိုက်ပျိုးခြင်း၊  စိုက်ခင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မြေသြဇာများ အချိုးညီညီ အသုံးပြုခြင်းတို့ပါဝင်သည်။ 
ဖောငမြှောင်တောင်များကို   လက်နှင့်ကောက်ယူ ဖျက်ဆီးခြင်း၊  သဲနှင့်  သဲခြောက်တို့ကဲ့သို့  ကြမ်းရှရှ ပစ္စည်းများ အသုံးပြုခြင်းနှင့် ဖလံအထီးအား ဆွဲဆောင် သော အင်းဆက်ဟော်မုန်း ထောင်ချောက်များ အသုံးပြု ခြင်းတို့ ပါဝင်သည်။ 
သဘာဝ မိတ်ဆွေပိုးများကို ကာကွယ်ထိန်းသိမ်းခြင်း၊ ငှက်အိပ်တန်းများ ပြုလုပ်ထားရှိခြင်းများသည် ဇီဝနည်း ဖြင့် ကာကွယ်နှိမ်နင်းခြင်းတွင် အကျုံးဝင်သည်။ ကပ်ပါး စားသောက်တတ်သည့် အင်းဆက်များ အများအပြား လွှတ်ပေးခြင်း၊ အပင်များမှ ထုတ်ယူရရှိသည့် ပိုးသတ် ဆေးများနှင့် မှိုသတ်ဆေးများ အသုံးပြုခြင်းတို့လည်း ပါဝင်ပါသည်။ 
ဓာတုနည်းဖြင့်      ကာကွယ်နှိမ်နင်းခြင်းဆိုသည့် ထောက်ခံနှုန်းထားများအတိုင်း   မျိုးစေ့ လူးနယ်ခြင်း၊ အရွက်ဖျန်းခြင်း၊  အစာအဆိပ်တုံးချခြင်းတို့ ပါဝင်ပါသည်။ 
စိုက်နည်းစနစ်များဖြင့်  ကာကွယ်ထိန်းချုပ်ခြင်း
သီးနှံဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းတွင် စိုက်နည်း စနစ်နှင့်     ဂေဟဗေဒဆိုင်ရာ   နည်းလမ်းများသည် သင့်လျော်ကောင်းမွန်သော လုပ်နည်းဓလေ့များ ဖြစ်သည့် အပြင်    ကုန်ကျစရိတ်သက်သာခြင်း၊   ရေရှည်တည်တံ့ ခိုင်မြဲသော    စိုက်ပျိုးရေးအတွက်   လိုက်လျောညီထွေ ရှိခြင်းနှင့် တောင်သူများ ဝင်ငွေတိုးစေခြင်း စသည့်အကျိုး ကျေးဇူးများ ပေးစွမ်းပါသည်။ 
ထယ်ရေးမဲ့ စိုက်ပျိုးခြင်း
မြေမျက်နှာပြင်ပေါ်တွင် သီးနှံအကြွင်းအကျန်များ ကျန်ရှိခြင်းက ဖောငမြှောင်တောင်၏ သဘာဝရန်သူများ နားခိုရန်  အကူအညီဖြစ်စေပြီး  ဖောငမြှောင်တောင်၏ တိုက်ခိုက်စားသောက်ခြင်းနှင့် ကပ်ပါးပြုလုပ်ခြင်းတို့ ပိုမို ကောင်းမွန်လာစေသည်။ ပြောင်းဖူးသီးနှံကို ထယ်ရေးမဲ့ စိုက်ပျိုး၍ ပေါင်းမြက် မကြာခဏရှင်းပါက ဖောငမြှောင် တောင် ကျရောက်မှုနည်းကြောင်း တွေ့ရှိရပြီး၊ ရွှေဖရုံ သီးနှံနှင့် သီးညှပ်စိုက်ပျိုးခြင်းတွင် ဖောငမြှောင်တောင် ကျရောက်မှု     မြင့်မားစေကြောင်း  တွေ့ရှိရသည်။
ပဲမျိုးစုံနှင့် သီးညှပ်စိုက်ပျိုးခြင်း 
ပဲမျိုးစုံသီးနှံများနှင့်   သီးညှပ်စိုက်ပျိုးပါက  မြေဆီ ဩဇာ   ထက်သန်လာခြင်းနှင့်အတူ   ပိုးဖျက်ဆီးမှုကို လျှော့ချနိုင်သည်။ ဖလံအမများ ဥဥခြင်းကို တားဆီး ပေးခြင်း၊ အပင်များကြား ပိုးလောက်ကောင်များ လှုပ်ရှား မှု တားဆီးပေးခြင်း၊ သဘာဝ သားရဲကောင်များအတွက် နားခိုရာနေရာများ ရရှိစေခြင်းတို့ကြောင့် ပိုးမလာစေသော အနံ့ရှိသည့်   Repellent     အပင်များဖြစ်သော Tephro-siaand၊ Desmodium ပင်များနှင့်   သီးညှပ်စိုက်ပျိုး ပါကလည်း  အရွယ်ရောက်    အကောင်ကြီးအမများကို မလာစေရန် repel ပြုလုပ်ပြီး လက်ခံပင်များတွင် ဥဥ ခြင်းကို    လျော့ကျစေကြောင်း   Harrison နှင့် အပေါင်း ပါများက ၂၀၁၉ ခုနှစ်တွင် ဖော်ထုတ်ခဲ့သည်။ 
 အကောင်းဆုံးပေါင်းမြက်နှိမ်နင်းနည်းများ
ပေါင်းမြက်   မကြာခဏ   ရှင်းလင်းပေးခြင်းသည် ဖောငမြှောင်တောင်ဖျက်ဆီးမှုကို သိသာစွာ လျော့နည်း စေသည်။ Graminaceous ပေါင်းမြက်သည် ဖောငမြှောင် တောင်အတွက်      လက်ခံပင်အဖြစ်   ထင်ရှားပြီး၊ ဖောငမြှောင်တောင်ကို  ဆွဲဆောင်သောကြောင့် Grami- naceous ပေါင်းမြက်များကို ကွင်းထဲတွင် စိုက်ပျိုးခြင်း၊ ပြောင်းပင်များနှင့် ရောနှောစိုက်ပျိုးခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ သို့သော်လည်း ပိုးများကို ဆွဲဆောင် သော သီးနှံအဖြစ်  ကွင်းဘေးပတ်လည်တွင် စိုက်ပျိုးနိုင် ကြောင်း ထောက်ခံထားသည်။  ဤသည်ပင်  Push-pull technology  ၏  နည်းလမ်းများမှ တစ်ခုဖြစ်ကြောင်း Kham နှင့် အပေါင်းပါများက ၁၉၉၇ ခုနှစ်တွင် ဖော်ထုတ် ထားသည်။ 
ဤနည်းလမ်းတွင် ပိုးများကို တွန်းထုတ်၊ နှင်ထုတ် သော ပဲမျိုးနွယ်ဝင်    အပင်များဖြစ်သည့်  Desmodium spp. သို့မဟုတ် Tephrosia plants အပင်များကို သီးညှပ် စိုက်ပျိုး၍       ကွင်းအပြင်ဘက်၌    ပိုးများကို  ဆွဲခေါ်၊   ဆွဲဆောင်စေသည့်    နေဗီယာမြက်  သို့မဟုတ် Brachi-ariaspp ပင်များကို   စိုက်ပျိုးထားခြင်း နည်းပညာဖြစ် သည်။ ထို့ကြောင့်   သီးညှပ်စိုက်ပျိုးထားသော  ပဲမျိုးစုံ သီးနှံမှ အနံ့ကြောင့် အဓိက စိုက်ပျိုးသီးနှံကို ပိုးဖျက်ဆီး ခြင်းမှ     ဟန့်တားမည်ဖြစ်သည့်အပြင်   ဖျက်ပိုးများသည် အနံ့ဆွဲဆောင်မှုရှိသော       ကွင်းအပြင်ဘက်သီးနှံဆီသို့  ပိုးများ ရွေ့လျားသွားမည် ဖြစ်ပါသည်။ 
ဖောငမြှောင်တောင်အတွက် စစ်ဆေးမှု နည်းလမ်းများ
ဖောငမြှောင်တောင်သည် ပြောင်းသီးနှံ၌ အဆင့်တိုင်း တွင် ကျရောက်သည်။ ပိုးသတ်ဆေး အသုံးပြုခြင်းသည် ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရာတွင် ထိရောက်မှု ရှိသော်လည်း   ပိုးသတ်ဆေးကို  ခံနိုင်ရည်ရှိလာခြင်း၊ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်မှုရှိခြင်း၊ မလိုလား အပ်သော သက်ရှိများကို အဆိပ်အတောက်ဖြစ်စေခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိခြင်းစသည့် မကောင်းသော အကျိုး သက်ရောက်မှုများလည်းရှိ‌သည်။ ခံနိုင်ရည်ရှိသော လက်ခံပင်ကို အခြေပြုထားသော  နည်းစနစ်များသည် အကောင်းဆုံးနည်းစနစ်များ ဖြစ်သည်။ 
ပြောင်းသီးနှံတွင် ဖောငမြှောင်တောင်ကျရောက်မှုကို ကာကွယ်ထိန်းချုပ်ရာတွင်   နည်းလမ်းတစ်မျိုးတည်း ကိုသာ       အသုံးပြုနှိမ်နင်းခြင်းထက်   ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့်     မစိုက်ပျိုးမီမှ     ရိတ်သိမ်းပြီး နောက်အထိ အဆင့်တိုင်းတွင် စစ်တမ်းကောက်ယူခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းများ   ပြုလုပ်၍   စီးပွားရေးအရ ထိခိုက်နိုင်သော   အဆင့်ရောက်မှသာ   IPM လုပ်ထုံး လုပ်နည်းများအတိုင်း     ဆောင်ရွက်ရပါမည်။   IPM နည်းလမ်းများကို အသုံးပြုခြင်းနှင့်အညီ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေးဖြစ်စေရေးအတွက် ဓာတုပိုးသတ် ဆေးများ အသုံးပြုမှုကို နောက်ဆုံးအဆင့်မှသာ အနည်း ဆုံး လိုအပ်သည့်   ပမာဏကို   ထောက်ခံချက် ပေးထား သော   အညွှန်းများအတိုင်း   ပက်ဖျန်းရမည် ဖြစ်ပါသည်။ ဖောငမြှောင်တောင်ကို IPM နည်းလမ်းများ ဖြင့် ကာကွယ်နှိမ်နင်းရာတွင် လူထုအခြေပြု ကျယ်ကျယ် ပြန့်ပြန့်    ဆောင်ရွက်မှသာ   အောင်မြင်မှု  ရှိလာမည် ဖြစ်ပါသည်။       ။
မြန်မာ့အလင်း