ပေါ်တူဂီနိုင်ငံ၌ သမ္မတရွေးကောက်ပွဲ ကျင်းပ

လစ္စဘွန်း ၂၅  ဇန်နဝါရီ

ပေါ်တူဂီနိုင်ငံသည် မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းနီးပါးဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရှိပေါ်တူဂီသမ္မတ မာဆယ်လိုရီဘယ်လိုဒီဆူဆာ အပါအဝင် ကိုယ်စားလှယ်လောင်းခုနှစ်ဦးတို့သည် သမ္မတ ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သမ္မတ မာဆယ်လိုရီဘယ်လိုဒီဆူဆာသည် ထောက်ခံမှု ၆၂ ရာခိုင်နှုန်းရရှိထားသူဖြစ်ကြောင်းလည်း ဇန်နဝါရီ ၂၂ ရက်တွင်ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ စစ်တမ်းတစ်ခုက ဖော်ပြထားသည်။

သမ္မတ မာဆယ်လိုရီဘယ်လိုဒီဆူဆာ၏ နောက်တွင် အန်နာဂိုမက်စ်က ထောက်ခံမှု ၁၄ ရာခိုင်နှုန်း၊ အန်ဒရီဗန် တူရာက ၁၀ ရာခိုင်နှုန်းနှင့် မာရီဆာမာတီအက်စ်က ခြောက်ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။ မဲဆန္ဒရှင် ၂၅၀၀၀၀ ခန့်မှာ ဇန်နဝါရီ ၁၇ ရက်ကတည်းက ကြိုတင်မဲပေးထားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရမည်ကို စိုးရိမ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ထားသည့် အသွားအလာကန့်သတ်မှုဆိုင်ရာ မူဝါဒများကြောင့် မဲမပေးသူအရေအတွက် စံချိန်တင် မြင့်တက်လာနိုင်ကြောင်းလည်း သုတေသီများ၏ပြောကြားချက်ကို ကိုးကား၍ ပေါ်တူဂီသတင်းအေဂျင်စီ လူဆာက ဖော်ပြခဲ့သည်။

မဲမပေးသူအရေအတွက် ၇၀ ရာခိုင်နှုန်းထက် ကျော်လွန်ပါက မဲအရေအတွက် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးအကြား ဒုတိယအကြိမ်ဆန္ဒမဲ ပေးမှုပြုလုပ်ရလိမ့်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် မတ် ၉ ရက်တွင် သမ္မတရာထူးတာဝန်ကို စတင်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်