ပေါ်ဦးပေါ်စရာသီစာ သမုန်းဖူး၊ သမုန်းပွင့်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး  ဈေးနှုန်းကောင်းဖြင့် ရောင်းချနေရ

ညောင်ဦး  ဇန်နဝါရီ  ၁၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ မဏိစည်သူဈေးနှင့် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့ ပေါ်ဦးပေါ်စ သမုန်းဖူး၊ သမုန်းပွင့်များ ဈေးနှုန်းကောင်းစွာ ရောင်းချခြင်းဖြင့် သမုန်းဖူး ခူးဆွတ်ရောင်းချသူများ ဈေးနှုန်းကောင်းရရှိနေပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများလည်း အဆင်ပြေကြောင်း သဖုန်းဖူး တစ်ဆင့်ပြန်လည်ရောင်းချသည့် ဒေါ်အိအိစိုးထံက သိရသည်။

 

ညောင်ဦးမြို့နယ်တွင် တုရင်တောင်တောင်တန်းဘေးရှိ ကျေးရွာများ၊ ငါ့သရောက်မြို့ရှိ ကျေးရွာများ၊ ကျောက်ပန်းတောင်းမြို့နယ် သမုန်းဖူး၊ သမုန်းပွင့် ခူးယူရောင်းချကြသည့် ရွာသစ်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာနှင့် လဲဂွကျေးရွာများမှ ကျေးလက်တောင်သူများသည် အလေ့ကျပေါက်သည့် သမုန်းပင်များဖူးပွင့်ချိန် ဇန်နဝါရီလလောက်တွင် စတင်ဖူးပွင့်ကြကာ ခူးဆွတ်ရောင်းချကြကြောင်း၊ သမုန်းပင်များသည် ဖူးပွင့်ချိန် အချိန်ကွာခြားမှုရှိကြကာ အောက်တောတွင် ပေါက်ရောက်သည့် သမုန်းပင်များသည် အဖူးအပွင့်ပွင့်ချိန်စောကာ အထက်တောတွင် ပေါက်ရောက်သည့် သမုန်းပင်များ အဖူးအပွင့်နောက်ကျကြောင်း ဂွေးကုန်းကျေးရွာ သမုန်းပွင့်ခူးရောင်းချသည့် ဦးသန်းနိုင်က ရှင်းပြသည်။

 

အထက်တော အောက်တောဆိုသည်မှာ ပုပ္ပားတောင်ကြိုးဝိုင်းတောအတွင်း အပင်များအား အထက်တောခေါ်ကာ ရွာနီးချောင်းစပ်ပေါက်ရောက်သည့် သမုန်းပင်များအား အောက်တောအပင်များဖြစ်ကြောင်း၊ သမုန်းဖူး၊ သမုန်းပွင့်ခူးရာတွင် အင်မတန်လက်ဝင်ကာ တစ်နေကုန်ခူးမှ ငါးပိဿာလောက်သာရကြောင်း၊ ဖူးသည့်၊ ပွင့်သည့် အပင်တွေ့မှလည်း ငါးပိဿာရရှိကြောင်း၊ နှစ်စဉ်နှစ်တိုင်း သမုန်းဖူးပေါ်ချိန် ဘယ်တောဘယ်အပင် ဘယ်နေ့ဘယ်ရက်ပေါ်ကြောင်း၊ ဖူးကြောင်းမှတ်မိနေကြကာ ဝါကြီးထပ်သည့်နှစ်၊ ဝါကြီးမထပ်သည့်နှစ် ရက်စွဲများမှတ်သားကြကာ သွားရောက်ရှာဖွေစရာမလိုဘဲ ခူးကြရကြောင်း သိရသည်။

 

သမုန်းဖူးပေါ်စက နှစ်ဆယ့်ငါးကျပ်သား ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ ရောင်းချရပြီး ဆွတ်ခူးရောင်းချသူများက ညောင်ဦးမြို့ မဏိစည်သူဈေး၊ ကျောက်ပန်းတောင်းဈေးသို့ တစ်ဆင့်သွင်းရောင်းချခြင်း၊ တစ်ဆင့်ကုန်သည်များက ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တစ်ဆင့်ပြန်လည်တင်ပို့ ရောင်းချကြရာ သမုန်းဖူးခူးဆွတ်ရောင်းချသူများ တစ်ရက်လျှင် ငွေကျပ် နှစ်သောင်းကျော်ထိ ဝင်ငွေရရှိနေကြောင်း သိရသည်။

 

ကိုထိန်၊KPD