ဖားကန့် ကျောက်ကြောကမ်းပါးယံပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ဉီးရေ ၂၀ ထိ တွေ့ရှိ

ဖားကန့်    ၂၉    ဇူလိုင် 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာနှင့် ကရင်ချောင်ကျေးရွာကြားရှိ လုပ်ကွက်ရပ်နားထားသော အောင်ဟိန်းမင်းကုမ္ပဏီလုပ်ကွက်အတွင်း ဇူလိုင် ၂၈  ရက် နံနက်ပိုင်းက အမြင့်ပေ(၅၀ဝ)ခန့်မှ မြေမှန်ကျောက်ကြောကမ်းပါယံသည် အောက်ဘက်ရေကန်သို့ပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ(၂၀)ဦးထိ တွေ့ရှိလာရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်း(၃)ဦးနှင့် အဆိုပါကုမ္ပဏီလုံခြုံရေးဝန်ထမ်း (၁၆)ဦးတို့အပြင် ကောင်ဆန်ကျေးရွာမှ မောင်ရီဝေခန့်(၂၁)နှစ်၊ စုစုပေါင်း ဉီးရေ ၂၀ တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ 


“ကုမ္ပဏီလုပ်ကွက်ဟောင်းဆိုပေမယ့် ကျောက်ကြောခုံတွေရှိနေတော့ ရေမဆေးကျောက်ရှာဖွေသူတွေ တရားမဝင် ဝင်ရောက်တူးနေတာတွေလည်းရှိနေနိုင်ပါတယ်၊ ဖြစ်စဉ်ဖြစ်ပွားစဉ်မှာ ရေမဆေးကျောက်ရှာသူတွေ ပါကောင်းပါသွားနိုင်ပါတယ်၊ လက်ရှိမြေပြိုထားတဲ့နေရာမှာလည်း ရေမဆေး ဝင်ရောက်ရှာဖွေနေတာတွေ တွေ့နေရပါတယ်၊ ဒါကြောင့် အန္တရာယ်သတိပေးတားမြစ်ချက်တွေထုတ်ပြန်ပြီး ကြပ်မတ်ဆောင်ရွက်တာတွေ လုပ်ဆောင်နေပါတယ်”ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောကြားသည်။


ဖြစ်စဉ်မှ ရေလိုင်းရိုက်ပုတ်မှုဒဏ်ခံခဲ့ရပြီး အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ရသည့် ရဲတပ်သား ဆန်းဝင်းနှင့် ရဲတပ်သား ဝေယံကိုကို တို့နှစ်ဦးမှာ ဖားကန့်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။


နွံရေကန်အတွင်း နစ်မြှုပ်သွားသူများအား ထပ်မံတွေ့လိုတွေ့ရငြား အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့တပ်ရင်းများ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ရွာပြည်သူများမှ ဆက်လက်စုပေါင်း ရှာဖွေလျက်ရှိသည်။


တာလင်းမောင် (ပြန်/ဆက်)

 

2